ကယန်းတိုင်းရင်းသူ အန်တိုနီယာ ဒုတိယအချီတွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ရ

ကယန်းတိုင်းရင်းသူ အန်တိုနီယာ ဒုတိယအချီတွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ရ

မတ်လ ၈ ။          ။ ကယန်းတိုင်းရင်းသူ၊ မြန်မာအမျိုးသမီး MMA ကစားသမား အန်တိုနီယာက ပြိုင်ဘက်ကစားသမား မလေးရှားနိုင်ငံမှ ဘိုနီယာဖော့စ်ကို ဒုတိယအချီတွင် အလဲထိုးပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိလိုက်သည်။

 အန်တိုနီယာအနေဖြင့် ပြိုင်ဘက်ကစားသမားကို ပွဲစတင်ကတည်းက ဖိအားပေး ကစားပေးနိုင်ခဲ့ပြီး ပြိုင်ဘက်ကစားသမား၏ အားနည်းချက်ကို ရှာကာ အလဲထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချီ အရောက်တွင် အန်တိုနီယာက ပြိုင်ဘက် ဘိုနီယာဖော့စ်ကို အတင်းဝင်ရောက် လူချင်းပူးပြီး တရစပ် ထိုးသတ်နိုင်ခဲ့ခြင်းကြောင့် ဘိုနီယာဖော့စ် လဲကျပြီး ဒိုင်လူကြီးက ဒိုင်ပွဲရပ် အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

 ယနေ့ မတ်လ ၈ ရက်နေ့၊ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ ၁ မှာ ကျင်းပနေသည့် One Championship Reign of Valor ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး အနိုင်ရသူ အန်တိုနီယာကို အောင်လအန်ဆန်က လာရောက် ဂုဏ်ပြုနှုတ်ဆက်ခဲ့သည်ကို တွေ့ရသည်။

 ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံတွင် အန်တိုနီယာက ထိုင်းနိုင်ငံသူ Rika ကို ရှုံးနိမ့်ပြီးနောက် ပြန်လည် အောင်ပွဲ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

 အသက်၂၃ နှစ်အရွယ် အန်တိုနီယာက One Championship အမျိုးသမီးအားကစားပြိုင်ပွဲ၏ ဒုတိယမြောက် ပွဲစဉ်တွင်လည်း အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပသည့် One Quest for gold ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းပြိုင်ဘက်ကစားသမား ရွှေစင်ကို ပထမအချီတွင် အလဲထိုး အနိုင်ရရှိထားသည်။

ONE: REIGN OF VALOR ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သူ ဆွီဒင်နိုင်ငံသား Zebaztian Kadestam သည်  ကာဇက်စ္စတန် နိုင်ငံသား Georgiy  Kichigin နှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

အခြား တွဲဆိုင်းများအနေဖြင့် Toni Tauru သည် ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်၊ Williams Lake မှ Gary Mangat နှင့် လည်းကောင်း ၊ မြန်မာနိုင်ငံသူ Bozhena Antoniyar က မလေးရှားနိုင်ငံ မှ Audreylaura Boniface နှင့် လည်းကောင်း ၊ တက်သစ်စ ဖိလစ်ပိုင် ကိုယ်ခံပညာကစားသမား Jomary Torres သည် တရုတ်ကိုယ်ခံပညာ ကစားသမား Heqin နှင့်လည်းကောင်း ၊ Tial Thang သည် ကမ္ဘောဒီယား ခမာလက်ဝှေ့ကစားသမား Rin Saroth  နှင့်လည်းကောင်း၊ မြန်မာကစားသမား ဖိုးသော်သည် အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo နှင့် လည်းကောင်း ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly