ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို စာပေ၊ ဂီတ အနုပညာရှင် များလည်း စိတ်ဝင်စား

ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို စာပေ၊ ဂီတ အနုပညာရှင် များလည်း စိတ်ဝင်စား

One Championship မှ ကြီးမှူး ကျင်းပသော Mixed Martial Arts ဟုခေါ်သည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို မြန်မာနိုင်ငံတွင် လူသိများ လာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း နယ်ပယ်ပေါင်းစုံမှ ပရိသတ်များ၏ စိတ်ဝင်စားမှု မြင့်မားစွာ ရရှိထားသည့် အားကစား တစ်မျိုး ဖြစ်လာသည်။ အဆိုပါ ပရိသတ်မျာ ထဲတွင် စာပေ၊ ဂီတနှင့် အနုပညာနယ်ပယ်မှ နာမည် ကျော်ကြားသူများလည်း ပါဝင်သည်။

“ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကို သိပ်ကို စိတ်ဝင်စားသလို ကြိုက်လည်း ကြိုက်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီကစားနည်းဟာ အင်မတန်ဇွဲသတ္တိရှိပြီး စိတ်ဓာတ် ကြံ့ခိုင်မာကျော ရမယ့်အပြင် သိပ်ကို တရားမျှတတဲ့ ကစားနည်းမို့လို့ပါ”ဟု နာမည်ကျော် အစီအစဉ် တင်ဆက်သူနှင့် ဂိမ်းမာစတာတစ်ဦးဖြစ်သည့် မောင်မောင်အေးကဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲကို ၂၀၁၅ ဇူလိုင်လတွင် ကျင်းပခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပွဲများ ကစားနေသည့် ကချင်လူမျိုး အောင်လအန်ဆန် သည် One Championship နှင့် ပူးပေါင်းခဲ့ပြီး နောက်တွင် မြန်မာပရိသတ်များ၏ အားပေးမှုကို တဟုန်ထိုး တိုးတက် လာခဲ့သည်။

“မြန်မာနိုင်ငံက ပွဲတွေမှာ လေးဖြူရဲ့ အမဲလိုက်အကနဲ့ အောင်လ ထွက်လာပြီဆိုရင် တစ်ကွင်းလုံး လိုက်ဆို ကြတာလောက် ပျော်စရာကောင်းပြီး ကြက်သီးထစရာ ကောင်းတာမရှိဘူး”ဟု မောင်မောင်အေးက ပြောသည်။

၎င်း၏ အမြင်ကို နာမည်ကျော် တေးသံရှင်တစ်ဦးဖြစ်သည့် ဟဲလေး ကလည်း ထောက်ခံခဲ့သည်။ ၎င်းက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသည် ယခင် ကြည့်ဖူးနေကျ လက်ဝှေ့ပွဲ များထက် ပို၍စိတ်ဝင်စားဖို့ကောင်းပြီး ဉာဏ်လည်း ပိုသုံးရသည့် အားကစားနည်း ဖြစ်သည်ဟု ဆိုခဲ့သည်။

“ကိုယ်မှ မဟုတ်ဘူး။ အိမ်က ကိုယ့်သားရော ကိုယ့်အဖေရော ဒီပွဲလာပြီ ဆိုရင် မလွတ်တမ်း ကြည့်ကြတယ်။ ကိုယ်လည်း ပွဲတွေ မပြတ်အောင် ကြည့်တယ်” ဟဲလေးက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား အပေါ် ၎င်းတို့ မိသားစု၏ စိတ်ဝင်စားမှုကို ပြောပြသည်။

ဟဲလေး ကဲ့သို့ပင် အောင်မြင်သည့် တေးသံရှင် တစ်ဦးအဖြစ် လူသိများသူ ရပ်ပ်အဆိုတော် နိုင်းဝမ်း ကလည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို စိတ်ဝင်စားသည်ဟု ထုတ်ဖော်ပြောကြားလာခဲ့သည်။ ၎င်းက ယခင်က လက်ဝှေ့ပွဲများကို အားပေးခဲ့ရာမှ မွေထိုင်းနှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား တို့ကိုပါ စိတ်ဝင်စားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

“အရင်တုန်းက သိပ်မကြည့်ဖြစ်ဘူး။ ဒါပေမယ့် စတိတ်ရှိုးတွေ ဆိုရင်းနဲ့ မွန်ပြည်နယ်တို့၊ ကရင် ပြည်နယ်တို့ လက်ဝှေ့ပွဲတွေမှာ လုပ်တဲ့အခါ ကြုံကြိုက်လို့ အဲဒီတော့မှ စကြည့်ဖြစ်တာ။ လက်ဝှေ့ပွဲတွေ ကြည့်ရင်း ကြည့်ရင်းနဲ့ နောက်ပိုင်း မြန်မာ့ လက်ဝှေ့ကိုရော မွေထိုင်းတို့ရော ကြည့်ဖြစ်တယ်။ ကိုယ်ခံပညာသိုင်းပေါင်းစုံကိုတော့ အောင်လ အန်ဆန် ဒီမှာ လာထိုးတော့ စကြည့်ဖြစ်တယ်”ဟု နိုင်းဝမ်းက ပြောပြခဲ့သည်။

သရော်စာ များဖြင့် လူသိများသည့် လူငယ် စာရေးဆရာ ဗြိတိသျှ ကိုကိုမောင်ကလည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို မြန်မာနိုင်ငံတွင် မကျင်းပမီကတည်းက စိတ်ဝင်စားခဲ့ပြီး နိုင်ငံခြား ရုပ်သံလိုင်းများမှ တစ်ဆင့် ကြည့်ရှုဖူးသည်ဟု ဆိုခဲ့သည်။ လက်ရှိ One Championship တွင် ပါဝင် ကစားနေသော
 အန်တိုနီယာကိုပင် လက်ဝှေ့ အားကစားသမားဘဝမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမားဖြစ်အောင် ကူညီပေးခဲ့ဖူးသည် ဟုလည်း ၎င်းက ထုတ်ပြောပြခဲ့သည်။

“မြန်မာပြည်ရဲ့ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား ဖြစ်လာမယ့် အန်တိုနီယာ ကို အနောက်တိုင်း လက်ဝှေ့ကစားသမား ဘဝက အင်တာဗျူးရင်း...One မှာ ဝင်ထိုးနိုင်ဖို့..အကြံပေးရင်း ကိုဖိုးသော်နဲ့ ချိတ်ဆက် ပေးခဲ့ပါတယ်။ အမှတ်တရပါပဲ”ဟု ဗြိတိသျှ ကိုကိုမောင်က ဆိုသည်။

စိုးမိုး(IBC) ကလောင် နာမည်နှင့် ထင်ရှားသည့် မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးမိုးကျော်က One Championship ပြိုင်ပွဲသည် အမှန်တကယ်ပင် ပရော်ဖက်ရှင်နယ် ဆန်သည့် တိုက်ခိုက်ရေး အားကစားပြိုင်ပွဲဖြစ်ပြီး အောင်လအန်ဆန် ကဲ့သို့ မြန်မာပြည်ဖွား ကမ႓္ဘာကျော် ကစားသမားတစ်ဦး
 ရှိနေခြင်းကလည်း မြန်မာပရိသတ်ကို ပို၍ဆွဲဆာင် နိုင်စေသည်ဟု သုံးသပ်ခဲ့သည်။

မတ်လ ၈ ရက်နေ့၌ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် One Championship ၏ Reign of Valor ပြိုင်ပွဲကြီးကို ကျင်းပမည် ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ဖိုးသော်၊ တီရဲလ်ထန်၊ အန်တိုနီယာ စသည့် ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းပြိုင်ပွဲသို့
 အနုပညာရှင်နှင့် နာမည်ကျော်ကြားသူများလည်း အများအပြား သွားရောက် ကြည့်ရှုကြမည် ဖြစ်သည်။

“တစ်ခါမှ ကွင်းထဲမှာ မကြည့်ဖူးဘူး။ ဒါကြောင့် ကွင်းထဲမှာ သွားကြည့်ချင်တာ။ စိတ်လည်း လှုပ်ရှားတယ်။ ဒီပွဲမျိုး တိုက်ရိုက် အပြင်မှာ ကြည့်ခွင့်ရတယ် ဆိုတော့လေ။ ကိုယ်နဲ့ ၀ါသနာ တူတဲ့ သူငယ်ချင်း တွေနဲ့ စုကြည့်ရမယ်ဆိုတဲ့အတွက်လည်း စိတ်လှုပ်ရှား မိတယ်”ဟု ဟဲလေးက ဆိုသည်။

နိုင်းဝမ်းကလည်းလတ်တလော အလုပ်ကိစ္စဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေ၍ အချိန်မီ ပြန်ရောက်ရန် မသေချာသော်လည်း ပြန်ရောက်လျှင် သေချာပေါက် သွားရောက်ကြည့်ရှုမည်ဟု ဆိုသည်။ မောင်မောင်အေး ကတော့ အဆိုပါ ပြိုင်ပွဲကို မည်သည့်အခြေအနေတွင်ဖြစ်စေ မဖြစ်မနေ သွားရောက် ကြည့်ရှုရန် စီစဉ်ထားသည်ဟု ဆိုခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly