ဗုံးသီးအားထုရိုက်ဆော့ကစားစဉ် ပေါက်ကွဲ ၊ ၂ဦးသေဆုံး

By တင်ရွှေ/ထီလာ ကိုငယ်လေး
08 March 2019
ဗုံးသီးအားထုရိုက်ဆော့ကစားစဉ် ပေါက်ကွဲ ၊ ၂ဦးသေဆုံး

မိတ္ထီလာ မတ် ၈ ။       ။ မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ်၊သီးပင်ကုန်းအုပ်စု၊အင်ပင်ဝကျေးရွာတွင် ၂၀၁၉ မတ် ၈ရက် နံနက် ရနာရီ ၄၅မိနစ်အချိန်ခန့်က ယာကွင်းပြင်တွင် ကောက်ရခဲ့သော ဗုံးသီးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား ပြီး လူသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သီးပင်ကုန်း အမှတ်(၅၄)အခြေခံပညာအလယ်တန်းကျောင်း (၇)တန်းကျောင်းသား ချစ်သဲစိုး (၁၂)နှစ် (ဘ)ဦးခိုင်စိုးသည် ၎င်းနေအိမ်ရှေ့ရှိ တောင်သူများသီးနှံချိန်တွယ်ရာတွင်အသုံးပြုသည့် ကတ္တားနှင့် 91 လက်ပစ်ဗုံးသီးအသေး(လက်သီးဆုပ်ခန့် စုံစမ်းသိရှိရ)အား ထုရိုက်ဆော့ကစားစဉ် ဗုံးသီးမှပေါက်ကွဲ၍ အနီးရှိ မရီမာခိုင် (၂၁)နှစ် (ဘ)ဦးခိုင်စိုး အင်ပင်ဝကျေးရွာ မိတ္ထီလာမြို့နယ်နေသူနှင့် မောင်ဖြစ်သူ ချစ်သဲစိုးတို့အား ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုကြောင့်  မရီမာခိုင်တွင် နဖူး ရင်ဘတ် မျက်နှာ စုတ်ပြဲဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာသေဆုံးခဲ့ ကာ ချစ်သဲစိုးတွင်လည်း မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်စုပ်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့သည်။ ထို့နောက် ယင်းတို့၏ အလောင်းကို မိတ္ထီလာဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါဗုံးသီးကို ၂၀၁၉ မတ် ရရက် ညနေ ၅နာရီ ၃ဝမိနစ်တွင် အင်ပင်ဝကျေးရွာ တောင်ဘက်(၅)မိုင်ခန့်အကွာ ၌ ဆိတ်ကျောင်းသွားရာမှ ယာကွင်းပြင်အတွင်းတွေ့ရှိ၍ ချစ်သဲစိုးမှ နေအိမ်သို့ယူဆောင်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲသည့်နေရာအား ဖလန်ကျင်းကျေးရွာအနီးရှိ အမြှောက်သင်တန်းကျောင်းမှ ဒုတိယ ဗိုလ်မှူးကြီး စိုးမင်းထွန်းနှင့်အဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဌေးဦးနှင့်အဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွှန့်ထွန်းနှင့်အဖွဲ့ တို့ရောက်ရှိစစ်ဆေးလျှက်ရှိပြီး သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly