PSG ကို အနိုင်ရတဲ့ပွဲအပြီး ပါရီမှာ မန်ယူ ပရိသတ်တစ်ဦး ဓားထိုးခံရ

PSG ကို အနိုင်ရတဲ့ပွဲအပြီး ပါရီမှာ မန်ယူ ပရိသတ်တစ်ဦး ဓားထိုးခံရ

မတ် ၈ ။              ။ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပြင်သစ်မြေမှာ PSG အသင်းကို အံ့အားသင့်ဖွယ် အနိုင်ရခဲဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက် ပရိသတ်တစ်ဦး ဓားထိုးခံရလို့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

၎င်း မန်ယူပရိသတ်ဟာ ပါရီမြို့ခံ တက္ကစီဒရိုင်ဘာတစ်ဦးရဲ့ ဓားနဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း Sky Sports က ဖော်ပြပါတယ်။

၎င်း မန်ယူပရိသတ်ဟာ မတ်လ ၆ ရက်က တက္ကစီသမားတစ်ယောက်နဲ စကားများ ရန်ဖြစ်လို့ ဒဏ်ရာရခဲ့တဲ့သတင်းကိုလည်း ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

ဒါပေမယ့် ယခုအခါ ၎င်းဟာ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရပါတယ်။

အသက် ၄၄ နှစ်အရွယ် အဆိုပါ မန်ယူပရိသတ်ဟာ ဘောလုံးပွဲအပြီး ၎င်းရဲ့ မိတ်ဆွေသုံးဦးနဲ့အတူ ပါရီ မြို့လယ်ခေါင်မှာ လမ်းလျှောက်လာစဉ် တက္ကစီသမားရဲ့ ရန်ရှာခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

" အောင်ပွဲခံတာကို မကျေနပ်တဲ့ ကားသမားက သူ့ကားထဲက ထွက်လာတယ်၊ ပြီးတော့ ဓားကို ဆွဲထုတ်လိုက်တယ်၊ ပြီးတော့ အဖွဲ့ထဲက အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ခဲ့တယ်၊ အဲဒီအချိန်မှာ ခု ဓားထိုးခံရတဲ့သူက အဲဒီအမျိုးသမီးကို ဝင်ကာကွယ်ဖို့ လုပ်ရာကနေ အထိုးခံခဲ့ရတာပါ" လို့ Sky က ဖော်ပြပါတယ်။

သတင်းတွေအရ သံသယရှိ တရားခံကို ရဲက ဖမ်းဆီးထားပြီးဖြစ်ပေမယ့် အသုံးပြုခဲ့တဲ့လက်နက်ကိုတော့ ရှာမတွေ့ဘူးလို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required