အဂတိလိုက်စားမှုများကို တားဆီးရန် ဆောက်လုပ်ရေးမှ ဌာနဖွဲ့ ဆောင်ရွက်မည်

အဂတိလိုက်စားမှုများကို တားဆီးရန် ဆောက်လုပ်ရေးမှ ဌာနဖွဲ့ ဆောင်ရွက်မည်
တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) က တာဝန်ယူ ဆောင်ရွက်သော လပွတ္တာ(ပင်လယ်လေး)တံတား အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းအား တွေ့ရစဉ်။ ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန

ရန်ကုန်  ၊ မတ်လ ၈ ။        ။     အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ဌာနတွင်း အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ဟု အမည် ပေးထားသည့် ဌာနတွင်း ဖွဲ့စည်းထားသည့်အဖွဲ့သည် ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှုများနှင့် သက်ဆိုင်သည့် အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရမည်ဖြစ်ပြီး တွေ့ရှိသည့် ပြဿနာများကို ဥပဒေနှင့် အညီ ဖြေရှင်းရမည် ဖြစ်သည်။

ယင်းအပြင် အဖွဲ့၏ ဆောင်ရွက်ချက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယ ဝန်ကြီးတို့ထံ လစဉ်အစီရင်ခံစာ တင်ပြရမည့်အပြင် နိုင်ငံတော်သမ္မတရုံး သို့ အစီရင်ခံစာ ပေးပို့ခြင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံသို့ အစီရင်ခံစာ မိတ္တူတင်ပြရခြင်းများလည်း လုပ်ဆောင်ရမည် ဖြစ်သည်။

အဆိုပါအဖွဲ့သည် အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက်တားမြစ်ထိန်းချုပ်ရန်၊ အဂတိ လိုက်စားမှုဆိုင်ရာ တိုင်ကြားလာမှုများနှင့် ပက်သက်၍ ဆောင်ရွက်မှု အခြေအနေအား သတင်းထုတ်ပြန်ရန် နှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်း နှင့် သဘောသဘာဝချင်း တူညီသော အခြားအဖွဲ့အစည်းများ နှင့် ချိတ်ဆက် ဆောင်ရွက်ရန် တို့ကို လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအတွင်း၌ ဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင်ခြင်းသည် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများအနက် ပထမဆုံးလည်း ဖြစ်သည်။

အစိုးရမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို နိုင်ငံတော်အဆင့် ဖွဲ့စည်းထားပြီးနောက် ဝန်ကြီးဌာန အဆင့်အနေဖြင့် ဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ကို ပထမဆုံး ဖွဲ့စည်း ဆောင်ရွက်လာနေခြင်းလည်း ဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required