စျေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်မည့် ဗဟိုရော်ဘာစျေးကွက် ဖွင့်လှစ်ရန် စီစဉ်နေ

စျေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်မည့် ဗဟိုရော်ဘာစျေးကွက် ဖွင့်လှစ်ရန် စီစဉ်နေ

နေပြည်တော်၊ မတ်လ ၈ ရက် ။        ။      အကျဘက်သို့ ရောက်နေသည့် ရော်ဘာစျေးကွက်ကို ပြန်လည်ဦးမော့လာစေရေးအတွက် စျေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်မည့် ဒေသအလိုက်ဗဟိုရော်ဘာစျေးကွက်များကို ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

“ရော်ဘာခြံရှင်ငယ်များအနေနဲ့   အရည်အသွေးမြင့်ရော်ဘာ ထုတ်လုပ်ပြီး၊ တည်ငြိမ်တဲ့ စျေးကွက်နဲ့ စျေးနှုန်းရရှိခံစားနို်င်ဖို့၊ ရော်ဘာစံချိန်စံညွှန်းနဲ့ သင့်လျော်မှန်ကန်တဲ့ စျေးကွက်တစ်ခု ဖြစ်လာစေရေးအတွက် စျေးပြိုင်စနစ်နဲ့ ရောင်းချနိုင်မယ့် ဒေသအလိုက် ရော်ဘာဗဟိုစျေးကွက် ဖွင့်လှစ်သွားရန်ကိုလည်း မကြာမီ ကာလအတွင်း အကောင်အထည်ပေါ်လာဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်" ဟု ၄င်းက မတ်လ ၇ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင်း ပြောကြားခဲ့သည်။

ထိုသို့ ဗဟိုရော်ဘာစျေးကွက်ဖွင့်လှစ်နိုင်ရေးကို စီစဉ်နေသည်ဟု ပြောသော်လည်း မည့်သည့်အချိန် အတိအကျတွင် စတင်အကောင်အထည်ဖော်မည်ကိုတော့ ထည့်သွင်းပြောခဲ့ခြင်း မရှိပေ။

မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ မေးမြန်းခဲ့သည့် “မွန်ပြည်နယ် သထုံခရိုင် ၊ ဘီးလင်းမြို့နယ် အပါအဝင် မွန်ပြည်နယ်ရှိ ရော်ဘာလုပ်ငန်းများနှင့် စျေးကွက် ပြန်လည်ကောင်းမွန်လာစေရေး အတွက် မွန်ပြည်နယ်အစိုးရအနေနဲ့မည်သို့ စီမံဆောင်ရွက်ထားမည်ကို သိရှိလိုခြင်းနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအနေဖြင့်လည်း မည်သို့ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း ” မေးခွန်းအပေါ်တွင် ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

စိုက်၊မွေး၊ဆည် ဝန်ကြီးဌာနအနေဖြင့် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနပိုင် (၃၆၈.၂၇) ဧကကို ရော်ဘာအခြေခံ စက်မှုဇုန် တည်ထောင်နိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်ဟု ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။

အဆိုပါ စက်မှုဇုန်တည်ဆောက်ပြီးပါက “ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်စက်ရုံများ တည်ထောင်နိုင်ဖို့ ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

မွန်ပြည်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရာဘာစိုက်ပျိုးလုပ်ကိုင်သူများသည် အလုပ်သမားရှားပါးခြင်း၊ စိုက်ပျိုးရေးနည်းပညာများလိုအပ်နေခြင်းများ ကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေါ်သီရိရတနာက မေးခွန်းမေးမြန်းစဉ်မှာ ထည့်သွင်းပြောဆိုခဲ့သည်။

 “အဲ့ဒီမှာ ပြသနာ ရှိလာတာက ရာဘာထဲမှာ အလေးချိန်စီးစေမယ့် သဲတို့၊ ကျောက်ခဲတို့ လိုမျိုးဟာတွေကို ရောနှောထည့်သွင်းပြီးတော့မှ ရောင်းချတဲ့အတွက်ကြောင့်မို့လို့ ရောင်းချတဲ့နေရာမှာလည်း အသေးစိတ် ဝယ်ယူသူတွေက မစစ်ဆေးနိုင်ဘူး။ နောက်မှ ပြန်သိရတဲ့အခါကျတော့ ဒါတွေဟာ မျက်နှာပန်း မလှဘဲနဲ့ စျေးကွက်မရတော့ခြင်း၊ စျေးကောင်းမရတော့ခြင်း တွေလည်း ကြုံတွေ့နေရပါတယ်”ဟု  ဒေါ်သီရိရတနာက ပြောသည်။

ရော်ဘာစတင်စိုက်ပျိုး ပြုစုထိန်းသိမ်းရေး ၊ ကုန်ကြမ်းရော်ဘာထုတ်လုပ်ရေး မှသည် ရော်ဘာကုန်ချော ထုတ်လုပ်ရေးအထိ ဆောင်ရွက်နိုင်မည့် သီးသန့်ရော်ဘာ သုတေသနဌာန ထူထောင်နိုင်ရေးနှင့် ပြည်နယ်များတွင် ရော်ဘာအရည်အသွေး စစ်ဆေးသည့်ဓါတ်ခွဲခန်းများ တည်ဆောက်နိုင်ရေးအတွက် အစီအမံများချကာ ဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်ဟု ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနနှင့်  CARE MYANMAR အဖွဲ့တို့ ပူးပေါင်းကာရော်ဘာ အရည်အသွေး မြင့်မားရေး၊ အထွက်နှုန်းတိုးတက်ရေးတို့အတွက် လိုအပ်သည့် နည်းပညာ၊ ဝန်ထမ်း၊ စိုက်ပျိုးသူများကို သင်တန်းပေးနိုင်ရေး နှင့် သုတေသန ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  “မြန်မာ့ရော်ဘာ အခွင့်အလမ်းမြှင့်တင်ရေး စီမံကိန်း”ဒုတိယအဆင့်ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် တိုးချဲ့နိုင်ရေး အတွက်  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ရော်ဘာကို မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာ (၁၁)ရပ််တွင် ဦးစားပေးကဏ္ဍအနေဖြင့် အရေးကြီး သည့် ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းထားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက ၁၆ သိန်း ကျော် ရှိကာ မွန်ပြည်နယ် တစ်ခုတည်းတွင် ဧက ၅ သိန်းခန့် ရှိသည့်အတွက်ကြောင့် တစ်နိုင်ငံလုံး စိုက်ဧက၏ ၃၀ ရာခိုင်နှုန်းခန့် ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly