ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)အပေါ် တပ်နှင့် ကြံ့ခိုင်ရေး ပြင်ဆင်ချက် မတင်သေး

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)အပေါ် တပ်နှင့် ကြံ့ခိုင်ရေး ပြင်ဆင်ချက် မတင်သေး
 (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၈ရက်၊ ၂၀၁၉ခုနှစ်)။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခန်း(၁) အခြေခံမူများ ပြင်ဆင်နိုင်ရေးကို စတင်ဆွေးနွေးကြရာ တပ်မတော်အစုအဖွဲ့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က ပြင်ဆင်ချက် တစ်စုံတစ်ရာ တင်သွင်းထားခြင်းမရှိကြောင်း အစည်းအဝေး တက်ရောက်သူများက ပြောကြားသည်။

 လွှတ်တော်အမတ် ၄၅ဦးဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစည်းအဝေး (၃/၂၀၁၉)ကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်အဝေးခန်းမတွင် မတ်လ ရရက်၊ မွန်းလွဲ ၁နာရီမှ ညနေ ၅နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

 ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု တက်ရောက်သည့် ပူးပေါင်းကော်မတီဝင် ဦးအောင်ကျော်ဇံက “တပ်နဲ့ ကြံ့ခိုင်ရေးက ဝင်ပြီး မပါတဲ့သဘောမျိုး။ သို့သော်လည်း သူများပါတီတွေ ပြေဆိုတဲ့အပေါ်မှာ မှတ်တမ်းတော့ ယူတယ်။ လွှတ်တော်ကျရင်တော့ ဘယ်လိုလုပ်မလဲ မသိဘူး။ လုံးဝကို မပါတာ ပြင်တဲ့အပေါ်မှာလည်း ဝင်ပြောတာလည်း မရှိဘူး။ သူ့ဟာသူ မှတ်တမ်းယူတယ်” ဟု အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

 အစည်အဝေး အစပိုင်းတွင် နားလည်မှုလွဲပြီး ကသိကအောက် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်ပြေသွားကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁) နိုင်ငံတော်အခြေခံမူများ ပြဌာန်းချက်ပါ ပုဒ်မ ၁မှ ၁၄အထိ ဆွေးနွေးပြီးဖြစ်ကြောင်းလည်း ဦးအောင်ကျော်ဇံက ပြောသည်။

 ရခိုင်အမျိုးသားပါတီအနေဖြင့်မူ အဆိုပါ နိုင်ငံတော်အခြေခံမူများ ပြဌာန်းချက်နှင့်ပတ်သက်ပြီး ပြင်ဆင်ချက်အဖြစ် အချက်(၅)ချက် တင်ပြထားကြောင်းနှင့် အဓိကအားဖြင့် လူမျိုးကို အခြေခံသော ပြည်နယ်များ ဖွဲ့စည်းနိုင်ရန် တင်ပြထားသည်ဟု ၎င်းက ဆိုသည်။

 အခန်း(၁)နှင့်ပတ်သက်ပြီး တပ်မတော်နှင့် ကြံံ့ခိုင်ရေးပါတီတို့ ပြင်ဆင်ချက် တင်ပြခြင်း မရှိသေးသည့်အပေါ် အာဏာရပါတီမှ ပူးပေါင်းကော််မတီဝင် ဦးအောင်ကြည်ညွှန့်က “ဘာလို့ သူတို့ မဆွေးနွေးလည်းဆိုတာလည်း သူတို့ ရပ်တည်လို့ရတယ်။ ဒီ အခန်း(၁)နဲ့ ပတ်သက်လို့ သူတို့အနေနဲ့ ပြင်ဆင်စရာ မရှိဘူ။ မူလအတိုင်းပဲ။ ပြင်ဆင်စရာမရှိတဲ့အတွက် ဒီအခန်း(၁)မှာ မပါဘူး။ သူတို့ ပြင်ဆင်စရာရှိတဲ့ အခန်းတွေကျရင် ပြင်ဆင်စရာတွေ ပေါ်လာနိုင်တာပေါ့။ ဒါက လုပ်လို့ရတယ်လေ” ဟု ပြောသည်။

 အဆိုပါ အစည်းအဝေးနှင့်ပတ်သက်ပြီး တပ်တော်သားအစုအဖွဲ့က ပုဂ္ဂလိက မီဒီယာများကို ဖြေကြားရန် ငြင်းဆိုခဲ့ပြီး တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြား တစ်ခုတည်းကိုသာ သီးသန့်အင်တာဗျူး ပေးခဲ့သည်ကို တွေ့ရသည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ႔ ဖြိုးရေးပါတီမှ ပူးပေါင်းကော်မတီဝင် ဦးစိုင်းကျော်မိုးကလည်း “လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ ကိစ္စဆိုတော့ ဒီအစည်းအဝေးနှင့်ပတ်သက်ပြီး ပြောပိုင်ခွင့် မရှိပါဘူး” ဟု ဆိုသည်။

 အခြေခံမူများနှင့်ပတ်သက်ပြီး တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့က ပြင်ဆင်ချက်အနေဖြင့် တင်ပြထားခြင်း မရှိသော်လည်း အခြားပါတီများ၏ ပြင်ဆင်ချက်များအပေါ် ဆွေးနွေးမှုများရှိကြောင်းနှင့် လွှတ်တော်သို့ တင်ပြသည့်အခါ မည်သည့်အတွက်ကြောင့် ပြင်ဆင်ချက် မရှိသည်ကို ကျိုးကြောင်းဖော်ပြချက်အနေဖြင့် ပါဝင်လာနိုင်ကြောင်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

 ပူးပေါင်းကော်မတီက စတင်ဆွေးနွေးနေပြီဖြစ်သည့် အခန်း(၁) နိုင်ငံတော်အခြေခံမူများတွင် ပုဒ်မပေါင်း ၄၈ခု ရှိပြီး ပုဒ်မ ၆(စ)တွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟု ပြဌာန်းထားသည်။

 ပူးပေါင်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ပြင်ဆင်သင့်သည့်အချက်များကို ပြုထားသည့် အစီရင်ခံစာတစ်စောင်ကို ငါးလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် လျာထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly