စင်ကာပူလိဂ်ချန်ပီယံ နီဂါတာအသင်းနှင့် ခြေစမ်းပွဲတွင် ယူ ၁၉ အသင်း  ၃ ဂိုး ၁ ဂိုးဖြင့် ရှုံး 

စင်ကာပူလိဂ်ချန်ပီယံ နီဂါတာအသင်းနှင့် ခြေစမ်းပွဲတွင် ယူ ၁၉ အသင်း  ၃ ဂိုး ၁ ဂိုးဖြင့် ရှုံး 
Photo: MFF

ရန်ကုန်၊ မတ်လ ၈ ရက် ။         ။ မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းသည် စင်ကာပူလိဂ်၏ လက်ရှိချန်ပီယံဖြစ်သော ဂျပန်ကလပ် ALBIREX NIIGATA FC အသင်းနှင့် မတ်လ ၇ ရက်နေ့ ၊ ညနေ ၆ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းပွဲကစားရာ သွင်းဂိုး ၁ ဂိုး နှင့်ပေးဂိုး ၃ ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ ၁၉ အသင်းသည် အာဆီယံနှင့် အာရှပြိုင်ပွဲများအတွက် အသက် ၁၇ နှစ်၊ ၁၈ နှစ် အရွယ် ကစားသမားများနှင့် ဖွဲ့စည်းထားသော အသင်းတစ်သင်းဖြစ်သည်။

ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာတွင် ပြိုင်ဘက်အသင်းမှ ဂျပန်ကစားသမားများဖြင့် စုဖွဲ့ထားသော ပရော်ဖက်ရှင်နယ်ကလပ်အသင်း တစ်သင်းဖြစ်သည့် နီဂါတာ အသင်းသည် ကြံ့ခိုင်မှု၊ လျှင်မြန်မှု အပြည့်အဝဖြင့် ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၁၄ မိနစ်တွင် ဟိုရီကိုရှီ၊ ပွဲချိန် ၂၇ မိနစ်နှင့် ၇၉ မိနစ်တွင် တိုက်စစ်မှူး ကာမာတာတို့က ဦးဆောင်ဂိုးများ သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ ယူ ၁၉ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် ကျောနံပါတ် ၂၄ သူရအောင်က ရှေ့တက်လာသည့် ဂိုးသမားကို ကျော်၍ သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပွဲစဉ်တစ်လျှောက်တွင် နီဂါတာအသင်းမှ တစ်လျှောက်လုံး ဖိအားပေးမှုများ ရှိခဲ့ပြီး မြန်မာအသင်းဘက်မှ ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းငယ်သာ ရှိခဲ့သည်။

ပွဲအပြီးတွင် "နီဂါတာအသင်းဆိုတာ စင်ကာပူလိဂ်ရဲ့ ချန်ပီယံ အသင်းပါ။ ဒီလို အသင်းကောင်း တစ်သင်းနဲ့ ခြေစမ်းခွင့်ရတာ သိပ်ကို အကျိုးရှိပါတယ်။ အသင်းအနေနဲ့ အဆုံးသတ် အားနည်းတာလေးတွေကိုတော့ ကျွန်တော်တို့ ပြုပြင်ရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်ရဲ့ ကစားကွက်ကို သုံးသပ်ပြီး ၄-၃-၃၊ ၄-၅-၁၊ ၄-၄-၂ စသဖြင့် သင့်တော်တဲ့ နည်းဗျူဟာ သုံးစွဲပြီး ယှဉ်ပြိုင်ရတာပါ။ ကစားကွက် တစ်ခုတည်းကိုပဲ အသုံးပြုပြီး ပြိုင်ပွဲတစ်ပွဲကို ချဉ်းကပ်လို့ မရပါဘူး" ဟု မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက ပြောဆိုခဲ့သည်။ 

ဂျပန်ကလပ် ALBIREX NIIGATA FC အသင်းသည် မြန်မာ ယူ ၁၉ အသင်းနှင့် ခြေစမ်းပြီးလျှင် လာမည့် မတ်လ ၉ ရက်နေ့ ၊ ညနေ ၆ နာရီ ၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ပဏာမ မြန်မာ ယူ ၂၃ အသင်းနှင့် ခြေစမ်းပွဲ ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly