နိုင်ငံခြားသား စုပြုံဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ဒူတာတေးကို မဟာသီယာ သတိပေး

နိုင်ငံခြားသား စုပြုံဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ဒူတာတေးကို မဟာသီယာ သတိပေး

မနီလာ၊ မတ် ၇ ။   ။ ဖိလစ်ပိုင်နိုင်ငံထဲ နိုင်ငံခြားသားတွေ ဝင်ရောက်တာကို ခွင့်ပြုခြင်းဟာ နိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်စေလာနိုင်တယ်လို့ သမ္မတဒူတာတေးကို ဖိလစ်ပိုင်ဆီ တရားဝင်ခရီးစဉ် ရောက်ရှိလာတဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာက ကြာသပတေးနေ့မှာ သတိပေးပါတယ်။

ဒူတာတေးရဲ့ တရုတ်ဦးစားပေး ဗဟိုပြုမှုကြောင့် ဖိလစ်ပိုင်နိုင်ငံထဲ တရုတ်အလုပ်သမားတွေ စုပြုံဝင်ရောက်မှု ဖြစ်ပေါ်နေလျက် ရှိတာပါ။

၂၀၁၆ ရွေးကောက်ပွဲမှာ သမ္မတ ဒူတာတေး တက်လာပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံထဲ တရုတ်နိုင်ငံသားတွေ အနည်းဆုံး နှစ်သိန်းကျော် ဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလို ဝင်ရောက်လာသူအများစုဟာလည်း တရုတ်လောင်းကစားသမားတွေအတွက် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ လွှတ်တော်စုံစမ်းစစ်ဆေးမှုတစ်ရပ်က ဆိုထားပါတယ်။

ဒီလို ဖြစ်တည်နေတာကြောင့် အိမ်ယာမြေစျေးတွေ မတည်ငြိမ်မှု ဖြစ်စေသလို နိုင်ငံသားတွေ အလုပ်အကိုင်ဆုံးရှုံးတာနဲ့ အခွန်အကျိုးအမြတ်ပေါ်မှာလည်း သက်ရောက်မှုတွေ ဖြစ်ရကြောင်း တစ်ချို့သော ဖိလစ်ပိုင်နိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံခြားသားတွေ စုပြုံဝင်ရောက်နဲ့ ပတ်သက်ပြီး တရုတ်နဲ့အတူ လုပ်ကိုင်နေတဲ့ နိုင်ငံတော်စီမံကိန်းအချို့ကို ရပ်ဆိုင်းခဲ့သူ မဟာသီယာက သူ့ခရီးစဉ်အတွင်းမှာ သမ္မတ ဒူတာတေးကို သတိပေးလာတာပဲ ဖြစ်ပါတယ်။

“နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုဆိုရာမှာ နိုင်ငံထဲကို နိုင်ငံခြားသားတွေ အုံလိုက်ကျင်းလိုက် လာရောက်နေထိုင်မှု မပါဝင်သင့်ဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီနိုင်ငံရဲ့ နိုင်ငံရေး မျှခြေကို အနှောင့်အယှက် ဖြစ်လာနိုင်တာကြောင့်ပဲ။”လို့ မဟာသီယာက သတိပေးပါတယ်။

မနီလာမှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဒူတာတေးနဲ့ ဝန်ကြီးချုပ် မဟာသီယာတို့ဟာ နှစ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ ခိုင်မာတောင့်တင်းရေးနဲ့ တောင်တရုတ်ပင်လယ်မှာ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ရှိရေးတို့မှာ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required