ယုဇနဥယျာဉ်အိမ်ယာအတွင်းမှ နှစ်လောင်းပြိုင်လူသတ်မှု တရားခံကိုဖမ်းမိ

ယုဇနဥယျာဉ်အိမ်ယာအတွင်းမှ နှစ်လောင်းပြိုင်လူသတ်မှု တရားခံကိုဖမ်းမိ

ရန်ကုန်၊ မတ် ၇ ။                ။ ယမန်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ယာအတွင်း ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုအတွက် တရားခံကို ဖမ်းဆီးရမိပြီဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင်များနှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ထက်ရှိုင်း (ခ) ဖိုးထက်ကို မြိတ်မြို့နယ်၊ ဒညက်ကျေး ရွာအုပ်စု၊ စနေထောင့် ကျေးရွာ၌ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ နှစ်လောင်းပြိုင်လူသတ်မှုကို ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှူးမှ တရားလိုပြုလုပ်၍ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း (ပ)၄၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူထားခြင်းလည်းဖြစ်သည်။

အဆိုပါကိစ္စနှင်  ပတ်သက်၍ ဒဂုံဆိပ်ကမ်းရဲစခန်းသို့မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိသေးပေ။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်၊ အေ(၉)လမ်း ရှိ နေအိမ်တစ်ခု၏ ဧည့်ခန်းအတွင်း၌ ဦးဟိန်းမင်းအောင်၊ (၂၇) နှစ်မှာ ထိုးသွင်းဒဏ်ရာများဖြင့် လည်းကောင်း၊ မမြင့်မြင့်ဝင်း၊ (၂၃)နှစ်မှာ ကုတင်ပေါ်၌ ရင်ညွန့်ထိုး သွင်းဒဏ်ရာ (၁)ချက်ဖြင့်လည်းကောင်း မတ်လ ၆ ရက်နေ့ကသေဆုံးနေခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်  ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအပြင် CID ရဲတပ်ဖွဲ့တို့မှစစ်ဆေးခဲ့ပြီး မတ်လ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပြစ်မှုကျူးလွန်သူဟုယူဆရသည့် ထက်ရှိုင်း (ခ)ဖိုးထက်၊ (၂၂)နှစ်ကို မြိတ်မြို့တွင် ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly