ပြင်သစ်နိုင်ငံနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မည်

ပြင်သစ်နိုင်ငံနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မည်
ဓာတ်ပုံ- ပြင်သစ်သံရုံး

ရန်ကုန်၊ မတ် ၇ ။            ။ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Christian Lechervy သည် မတ်လ ရရက်နေ့မှ ၈ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးသို့ စီးပွားရေးခရီးစဉ်တစ်ခုကို စတင်နေပြီဖြစ်ကြောင်း ပြင်သစ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါခရီးစဉ်ကို ပြင်သစ်သံရုံးစီးပွားရေးဌာနမှ စီစဉ်ခြင်းဖြစ်ပြီး ပြင်သစ်သံအမတ်နှင့်အတူ အဖွဲ့အစည်း သုံးခု နှင့် ပြင်သစ်ကုမ္ပဏီ ၁၂ ခုပါဝင်မည်ဖြစ်ကာ စီးပွားရေးခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။

ပြင်သစ်သံရုံးစီးပွားရေးဌာနမှ စီစဉ်သော ယခုခရီးစဉ်တွင် ဆောက်လုပ်ရေးကဏ္ဍ (Bouygues, Freyssinet ) ၊ စွမ်းအင်ကဏ္ဍ (EDF, Banyan, Schneider Electric, Voltalia) ၊ အင်ဂျင်နီယာပိုင်း နှင့် တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုများ (Archetype, Artelia, Berim, Suez, Tractebel) ၊ ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍ (Bioderma) အသီးသီးမှ ကမ္ဘာတဝှမ်းရှိ ပြင်သစ်ထိပ်တန်းဦးဆောင်သူများနှင့် ကျွမ်းကျင်မှုပိုင်းတွင် အဓိက နေရာယူထားသူများပါဝင်လာမည်ဖြစ်ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။

ယခုခရီးစဉ်သည် ပြင်သစ်နိုင်ငံနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အကြား စီးပွားရေးဖွ့ံဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ပိုမိုကောင်းမွန်စွာသိရှိနိုင်ရေးနှင့် အခွင့်အလမ်းများ ရှာဖွေနိုင်ရေးအတွက် သွားရောက်ခြင်း ဖြစ်ပြီး ဒေသ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုအကျိုးစီးပွား နှင့် သဘာဝ ပတ်ဝန်းကျင် အရေးများကိုရှေးရှု၍ အထောက်အကူပေးရန် ပြင်သစ်နိုင်ငံ၏ ကတိကဝတ်ကို အကောင်အထည် ဖော်ခြင်း လည်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရာနေရာတစ်ခုအဖြစ်သို့ပြောင်းလဲရန် စက်မှုနှင့် အခြေခံအဆောက်အအုံများဖွ့ံဖြိုးရေးအတွက် များပြားလှ သောစီမံကိန်းကြီးများကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ အာဏာပိုင်များက ဆောင်ရွက်နေပြီး ပြင်သစ်သံအမတ်၏ ယခုခရီးစဉ်ကြောင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပြင်သစ်နိုင်ငံတို့အကြား စီးပွားရေးဆက်နွယ်မှုများကို လာမည့်နှစ်ကာလများအတွင်း တိုးတက်လာနိုင်ကြောင်း ပြင်သစ်သံရုံးက ဆိုထားသည်။

 ယခုခရီးစဉ်တွင် ပြင်သစ်သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့များသည် မတ်လ ၇ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တွေ့ဆုံမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုများအတွက် ဆွေးနွေးမှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်စက်မှုမြို့တော်သို့လည်းကောင်း ငရုတ်ကောင်း မြို့နယ်ရှိ ပင်လယ်ရေနက်ဆိပ်ကမ်းအသစ်တစ်ခုထားရှိရန်စီမံထားသည့်နေရာသို့လည်းကောင်း လည်ပတ်မည်ဖြစ်ပြီး မတ်လ၈ ရက်တွင်တိုင်းဒေသကြီးအတွင်းရှိ ပုစွန်ကန်များနှင့် ငါးမွေးကန်များသို့ ပြင်သစ်သံအမတ်ကြီးမှ စိတ်ဝင် တစား သွားရောက်လည်ပတ်မည်ဖြစကြောင်း သိရသည်။
   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required