အပစ်ရပ် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘောတွေ့မည်

အပစ်ရပ် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘောတွေ့မည်

ရန်ကုန်၊ မတ် ၇ ။              ။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့တို့ လာမည့် မတ်လ ၉ ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံရန် ရှိနေသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောသည်။

“ PC က ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့နဲ့ အလွတ်သဘောတွေ့ချင်တယ်လို့ ကမ်းလှမ်း လာတယ်။ အဲဒါမှာ ကျွန်တော်တို့ လက်ခံလိုက်တယ်။ အလွတ်သဘောဆွေးနွေးမှုဆိုတာ ပို ရင်းနီးမှုရတယ်။ ဆုံးဖြတ်ချက်မဟုတ်ဘူး။ ပိုရင်းနှီးတယ်။ ပိုကောင်းတယ်လို့ ကျွန်တော်မြင်တယ်။” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အပြီး သတင်းထောက်များကို ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းများ၏ ရှေ့ဆောင်ရွက်မည့်ကိစ္စများအပြင် ပင်လုံညီလာခံလုပ်မည့်ကိစ္စများပါ ဆွေးနွေးဖွယ်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
အပစ်ရပ် လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် သွားရောက်ဆွေးနွေးဖွယ်ရှိပြီး PC ဘက်မှ အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 “ RCSS အနေနဲ့ သီးသန့်တော့မရှိဘူးထင်တယ်။ အခု ၁၀ ဖွဲ့နဲ့တွေ့မယ်ဆိုတော့ အစည်းအဝေးက ချပေးတဲ့ ခေါင်းစဉ်အောက်ကနေပဲ စုပေါင်းဆွေးနွေးမှာဖြစ်ပါတယ်။” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ဗိုလ်မှူးစိုင်းငင်းက ဆိုသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) သည် မတ်လ ၈ ရက်နေ့တွင်လည်း အပစ်ရပ်တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့်လည်း သီးသန့်တွေ့ဖွယ်ရှိနေသည်ဟု ၎င်း၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် PPST အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်တို့က တာဝန်ယူထားခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ခေါင်းဆောင် အပြောင်းအလဲပြုလုပ်ရန်လည်းရှိနေသည်။

အစိုးရနှင့်တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်ရေးထိုးသည့်  ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNL)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ ( NMSP ) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ၁၀ ဖွဲ့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် PPST ကိုဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required