ပြည်နှင်ဒဏ်အမိန့်မကျမီ ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသားကို နေပြည်တော်တွင် ထိန်းသိမ်းထား

ပြည်နှင်ဒဏ်အမိန့်မကျမီ ဒရုန်းလွှတ်သည့် ပြင်သစ်နိုင်ငံသားကို နေပြည်တော်တွင် ထိန်းသိမ်းထား

နေပြည်တော်(မတ်လ ရရက်၊ ၂၀၁၈ခုနှစ်)။ ။ လွှတ်တော်အဆောက်အဦအနီး ဒရုန်းလွှတ်တင်စဉ် ဖမ်းဆီးခံရပြီး  ထောင်ဒဏ် တစ်လ ချမှတ်ခံရသည့် ပြင်သစ်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်သော်လည်း အမိန့် မကျသေး၍ နေပြည်တော်တွင် ခေတ္တ ထိန်းသိမ်းထားသည်။

အသက်(၂၇)နှစ်အရွယ် Arthur Desclaux သည် ကန့်သတ်နယ်မြေတွင် ဒရုန်းလွှတ်တင်စဉ် ဖေဖော်ဝါရီ (၇) ရက်က ဖမ်းဆီးခံရပြီးနောက် တားမြစ်ထားသည့် ကုန်ပစ္စည်းကို လိုင်စင်မရှိဘဲ ပြည်ပမှ တင်သွင်းလာ၍ ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ(၈)ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရသည်။

မတ်လ ၆ ရက်တွင် ထောင်ကပြန်လွတ်လာပြီးနောက် ၁၉၃၄ ခုနှစ်၊ မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ(၁၀)အပြင် ၁၉၄ရခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ ပုဒ်မ ၁၃ (၁) တို့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ထပ်မံ တရားစွဲဆိုခဲ့သည်။

သို့သော် အဆိုပါ ပုဒ်မ နှစ်ခုအတွက် ၎င်းကို ထောင်ထဲ ပြန်မပို့ဘဲ ငွေဒဏ် ကျပ်တစ်သိန်းခွဲ ပေးဆောင်ရန် ဥတ္တရ သီရိမြို့နယ်တရားရုံးက အမိန့်ချခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့သည့်အတွက် ပြည်နှင်ဒဏ်ပေးမည်ဖြစ်သော်လည်း လတ်တလောတွင် အမိန့်မကျသေး၍ အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားသေးသည်။

ပြည်နှင်ဒဏ် အမိန့်မကျခင် ငွေကျပ် သိန်းတစ်ရာဖြင့် အာမခံပေးမည့်သူ မရှိသောကြောင့် ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု ဥတ္တရသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးဖြစ်သူ ဦးမြင့်ဇော်က ပြောသည်။

“ဒီမနက် ပြည်နှင်မိန့် တင်လိုက်ပြီ။ မကြာပါဘူး။ အမြန်ဆုံး ကျမှာပါ။ လာမယ့် တနင်္လာနေ့ အများဆုံးပါပဲ” ဟု မတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် ဦးမြင့်ဇော်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ကောင်စစ်ဝန် Mr. Ere’der’ic INZA က “တရားရုံးက အမိန့်ချမှတ် ဆောင်ရွက်ပေးမှုများ အပေါ် ကျေနပ်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သူ့မိသားစုက ဒီမှာ အသိမရှိဘူးပေါ့။ အခုလောလောဆယ်အထိတော့ အာမခံပေးမယ့် သူမရှိသေးတော့ ဒီမှာပဲ ဆက်နေရအုံးမှာပေါ့။ သံရုံး အနေနဲ့ကလည်း အာမခံပေးလို့မရဘူး။ တစ်ကယ်တော့ အာမခံပေးတယ်ဆိုတာက လူကိုယ်တိုင်က လုပ်ပေးရမယ့် ကိစ္စမိုလို့ပါ” ဟု မတ်လ ၆ရက်၊ ညနေပိုင်းတွင် သတင်းထောက်များကို ပြောသည်။

 ပြင်သစ်နိုင်ငံသား Mr. Arthur Desclaux သည် ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့ ဇန်နဝါရီ ၃၀ ရက်က စက်ဘီးစီးနင်းပြီး ဝင်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်သို့ ရောက်ရောက်ချင်း လွှတ်တော်ကြိုးတံတားဂိတ်အနီး ဒရုန်းလွှတ်တင်နေစဉ် ဖမ်းဆီးခံရခဲ့ရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကလည်း TRT သတင်းဌာန၊ စင်္ကာပူရုံးခွဲမှ စင်္ကာပူနိုင်ငံသားတစ်ဦး၊ မလေးရှား နိုင်ငံသားတစ်ဦးအပြင် မြန်မာနိုင်ငံသား ဘာသာပြန်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦး တို့မှာ အလားတူပင် လွှတ်တော်အဆောက်အဦအနီး ဒရုန်းလွှတ်တင်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင် နှစ်လခန့် ချမှတ်ခံခဲ့ရဖူးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly