ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၂ )

By မျိုးသန့်(မဇ္စျိမ)
06 March 2019
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၂ )

မင်္ဂလာပါ မဇ္ဈိမပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Mizzima Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား။   တွေ့ဆုံမေးမြန်းမယ့် သူကတော့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကို တည်ထောင်သူဖြစ်တဲ့ သူရဦးရွှေမန်းဖြစ်ပါတယ်ခင်ဗျား။

(သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၂ ) မှာတော့   ၂၀၂၀ ရွေးကောက်ပွဲမှာ နေရာစုံပြိုင်မလား ၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့၊ ရောက်လာဖို့ ဘယ်လောက်ထိ နီးစပ်နေပြီလဲ၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တဲ့ စနစ်ကနေ ဖြေလျော့ဖို့ဆိုတာတွေ၊ မြန်မာနိုင်ငံတော်နဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်လာရေး ဆိုတာတွေကို ဆွေးနွေးထားတာ ဖြစ်ပါတယ်။)

မေး။ ။ တိုင်းရင်းသားပါတီတွေကိုရော ဘယ်လိုသဘောထားလဲ၊ ဥပမာ ဆိုကြပါစို့ ၂၀၂၀ ရွေးကောက်ပွဲမှာ နေရာစုံပြိုင်မလား ဘယ်လို ပုံစံမျိုးနဲ့ ဆက်ပြီးတော့ သွားမလဲ။

ဖြေ။ ။ ဒီနေရာမှာ ၂၀၂၀ မှာ ရွေးကောက်ပွဲဝင်မယ်ဆိုလို့ရှိရင် ခုနကပြောခဲ့တယ်လေ ။ တိုင်းရင်းသားတွေကို ဦးစားပေးတယ်၊ အလေးထားတယ်လို့ ပြောတဲ့အတွက် တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ နေရာမျိုးမှာတော့ မိမိတို့ ပါတီအနေနဲ့ ဝင်ရောက်ဖို့တော့ လောလောဆယ် ဆန္ဒမရှိသေးဘူး။ သို့ရာတွင် ခုနက တိုင်းရင်းသား နာမည်ခံထားတဲ့ ပြည်နယ်တွေမှာကျတော့ တစ်ချို့နေရာတွေမှာလည်း ဗမာအပါဝင် အခြားတိုင်းရင်းသားတွေ များစွာရှိတဲ့အတွက် ဒီနယ်မြေမျိုးကိုတော့ စဉ်းစားကောင်း စဉ်းစားရလိမ့်မယ်။ ဒါလည်း ဒီနေ့ ကြိုတင်တွက်ဆချက်ပါပဲ။ နောက်ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်ကို မူတည်ပြီးတော့ အကောင်းဆုံး တိုင်းရင်းသားများနဲ့ သဘောထား ညီညွတ်ပြီးတော့ စည်းလုံးညီညွတ်ရေးအတွက်ပဲ အဓိကထားပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

မေး။ ။ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံဟာ တိုင်းရင်းသား ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြီးလို့ရှိရင် လက်နက်ကိုင်ပဋိပက္ခတွေပေါ့နော် ပြေလျော့ဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် မရှိတော့ဖို့ပဲဖြစ်ဖြစ်၊ ချုပ်ငြိမ်းဖို့ပဲ ဖြစ်ဖြစ်ပေါ့နော် ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်မလဲခင်ဗျား။

ဖြေ။ ။ ဖက်ဒရယ်ဆိုတဲ့စကားကို ပြန်ပြီးတော့ ပြောရမယ်ဆိုရင်ပေါ့လေ။ ဖက်ဒရယ်ဆိုတာ ဒီနေ့ သာမန်အားဖြင့် ပြောဆိုနေတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှအခွင့်အရေး၊ ပြောသလိုပဲ ဆက်ပြီးတော့ ဖက်ဒရယ်ဆိုတာက ဗဟိုဦးစီးစနစ်ကို လျှော့ချခြင်း၊ နောက် သဘာဝအရင်းမြစ်များကို ခွဲဝေအသုံးပြုခြင်းစသည်ဖြင့် ဒီလိုရေးသားဖော်ပြ နေတာရှိပါတယ်။ မှန်ပါတယ်၊ ဒါပေမယ့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး များရဲ့ အစိုးရတို့ကြား အာဏာကို ကန့်သတ် ခွဲဝေ အသုံးပြုတာဖြစ်ပါတယ်။ ကန့်သတ်ခွဲဝေတယ် ဆိုတဲ့စကားက တစ်ခါတစ်ခါ ကျန်နေတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပါအဝင် ကျန်တဲ့ကိစ္စတွေက ကန့်သတ်မှု စည်းဘောင်ဆိုတာ ရှိတယ်၊ ဒါကြောင့်မို့လို့ ပြည်နယ်တွေ တိုင်းဒေသကြီးတွေက အဲ့ဒီစည်းဘောင်အတွင်းမှာပဲ သူတို့ဆောင်ရွက်မှာဖြစ်ပါတယ်။ စည်းတွေလွန်သွားလို့ မဖြစ်ပါဘူး၊ အဲ့ဒီအထဲမယ် ဗဟိုအစိုးရလည်း စည်းဘောင်အတွင်းကပဲ လုပ်ရမှာ ဖြစ်ပါတယ်။ သို့ရာတွင် ပြည်ထောင်စုကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စကျတဲ့အခါကျတော့ ဗဟိုအစိုးရမှာ အဓိက တာဝန်ရှိတယ်၊ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ ကိစ္စကတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးမှာ အဓိကတာဝန်ရှိတယ်။ ဒါကြောင့်မို့လို့ ဗဟိုနဲ့ တိုင်းဒေသကြီးအသီးသီးနဲ့ အသီးသီး တာဝန်ယူ တာဝန်ခံမှာ ဖြစ်သော်လည်း၊ တိုင်းဒေသကြီး အချင်းချင်း ပြည်နယ်အချင်းချင်းကလည်း တစ်ခုနဲ့ တစ်ခု အပြန်အလှန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေလိုပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စလေးတွေပါ ထည့်သွင်း စဉ်းစားပြောဆိုဆွေးနွေးတော့မှ ဖက်ဒရယ်ဆိုတဲ့ သဘောဟာ ပိုပြီးပြည့်ဝတာရှိပါတယ်။ ဒါကြောင့်မို့လို့ တွေးတဲ့အခါမှာ အပေါ်လောက်အတွက် မဟုတ်ဘဲနဲ့ ထိထိရောက်ရောက်နဲ့ အဆုံးထိ တွေးပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ဒီနေ့ ဖက်ဒရယ် ပြည်ထောင်စု သို့မဟုတ်လို့ရှိရင် မိမိတို့ အသုံးပြုနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံနဲ့ ထူထောင်တဲ့ ပြည်ထောင်စုကြီးဟာ ခုနက ဆွေးနွေးခဲ့တဲ့ ကိစ္စတွေကို အများကြီးပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ဒီလိုပဲယုံကြည်ထားပါတယ်။

မေး။ ။ ကျွန်တော်တို့ အခုလက်ရှိအခြေအနေကရော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့၊ ရောက်လာဖို့ ဘယ်လောက်ထိ နီးစပ်နေပြီလဲ၊ ဘာတွေများ အကန့်အသတ်ရှိနေသေးလဲ။

ဖြေ။ ။ ဒီခရီးက နီးသလား၊ ဝေးသလားဆိုတဲ့အခါမှာ တိုင်းရင်းသားများရဲ့ ပြည်ထောင်စုသားများရဲ့ စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုလိုပါတယ်။ စိတ်ဝင်စားမှုရှိသော်လည်း ပူးပေါင်းဆောင်ရွက်မှု မရှိရင် မရဘူး။ ပူးပေါင်းဆောင်ရွက်တယ် ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ အတွေးအမြင် သမ္မာဓိဋ္ဌိရှိဖို့လိုပါတယ်။ အဲ့ဒီ သမ္မာဓိဋ္ဌိရှိတော့မှပဲ ခုနက ဆောင်ရွက်မည့် လုပ်ငန်းတွေကလည်း အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုသားများဟာ ဖက်ဒရယ် ဒီမိုကရေစီရဲ့ သဘောသဘာဝကို သေချာ နားလည်ပြီး၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတွေ နားလည်မှုတွေ ပြည့်ပြည့်ဝဝရှိလာတဲ့ တစ်နေ့မှာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လောက်နီးလဲ ဘယ်လောက်ဝေးလဲ ဆိုတာကတော့ ပြည်ထောင်စုသားများရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ မှန်ကန်တဲ့ သဘောထားအမြင်တွေက သိပ်အရေးကြီးပါတယ်။ ဒီအပေါ်ကို မူတည်ပြီးတော့ပဲ ဆက်ပြီးတော့ ကြည့်ရမှာ ဖြစ်ပါတယ်။

မေး။ ။   သုံးသပ်တဲ့လူတစ်ချို့ပြောနေတာရှိပါတယ်။  ဗဟိုချုပ်ကိုင်မှု တင်းကျပ်တဲ့စနစ်ကနေပြီးတော့ ဖက်ဒရယ်လက္ခဏာ တစ်ချို့ကို ပြောင်းလာပြီပေါ့လေ၊ ဒါပေမယ့် ဆက်လုပ်ဖို့ လိုနေသေးတယ် ဆိုတဲ့ဟာတွေလည်း ပြောကြတာရှိပါတယ်။ အဲ့ဒီတော့ အဲ့ဒါတွေကိုရော ဘာတွေဖြေလျှော့ဖို့ လိုမယ်လို့ထင်လဲခင်ဗျား။

ဖြေ။ ။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဗဟိုဦးစီးစနစ်၊ ဗဟိုချုပ်ကိုင်မှုစနစ်က ကြီးမားခဲ့ပါတယ် များပြားခဲ့ပါတယ်။ အဲ့ဒီကနေပြီးတော့ ခုနဖြေလျှော့ဖို့၊ ဗဟိုဦးစနစ်ကို ဖြေလျှော့ဖို့ အင်္ဂလိပ်လိုလည်း ပြောကြတာပေါ့လေ decentralization လုပ်ဖို့ ။ ဒီဟာတွေက အပြောလွယ်လောက် တစ်ချို့ကိစ္စတွေမှာ နဲနဲလေး ခက်ခဲနေတယ်။ သို့ရာတွင် ဘယ်လောက်ပဲ ခက်ခဲခက်ခဲ တကယ်စိတ်စေတနာ မှန်တယ်၊ လုပ်နည်းလုပ်ဟန်မှန်လို့ရှိရင် ဒါဟာ ဖြေရှင်းလို့ရပါတယ်။ ဗဟိုဦးစီးစနစ်၊ ဗဟိုချုပ်ကိုင်မှုစနစ် များနေတဲ့အတွက် တစ်ချို့ အောက်ခြေကျေးရွှာမှာ ဆုံးဖြတ်ဆောင်ရွက်မည့်ကိစ္စကို ကျေးရွာမှာမလုပ်ဘဲနဲ့ အထက်ကို မြို့နယ်ကိုတင်၊ခရိုင်ကိုတင်၊ တိုင်းကိုတင် ဗဟိုကိုတင်ဆိုတဲ့အခါကျတော့ အချိန်တွေကုန်၊ လူတွေပင်ပန်း၊ တစ်ချို့တွေ ငွေလည်းကုန်ရင် ကုန်လိမ့်မယ်၊ ဒါမျိုးတွေက မဖြစ်သင့်ဘူး။ ဒါကြောင့်မို့လို့ ရပ်ကွက်ကျေးရွာမှာ ဘယ်လိုအခွင့်အာဏာတွေပေးရမယ်၊ မြို့နယ်မှာ ဘယ်လိုအခွင့်အာဏာတွေ ပေးရမယ်၊ ခရိုင် သို့မဟုတ် တိုင်းဒေသကြီးမှာ ဘယ်လိုအခွင့် အာဏာကိုပေးရမယ်၊ ဒါကြောင့်မို့လို့ သူ့နေရာ သူ့အဆင့် သူဒေသနဲ့ အခွင့်အာဏာတွေ ပေးနိုင်မှပဲ ဒီနေ့ ခုနကပြောတဲ့ ဖက်ဒရယ် ဆိုတဲ့ဟာ တကယ် ဖြစ်လာမှာ။ ဖက်ဒရယ်ဖြစ်လာဖို့ဆိုတော့ ခုနက decentralization လို့ ခေါ်တဲ့ ဗဟိုဦးစီးစနစ်ကို လျှော့ချရမှာဖြစ်ပါတယ်။ ဒီဟာသည် မြန်မြန်သွက်သွက် လုပ်ဖို့လိုပါတယ်။ အဲ့ဒါ မလုပ်နိုင်ဘူး ဆိုလို့ရှိရင်တော့ ဒီနေ့ ဖက်ဒရယ်ဆိုတဲ့ဟာ ဖြစ်လာဖို့ တော်တော်အချိန်ကြာဦးမှာ ဖြစ်ပါတယ်။

မေး။ ။  တပ်မတော်မှာလည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်၊ တိုင်းရင်းသားဒေသ မြောက်များစွာမှာလည်း နေခဲ့ဖူးတဲ့အခါကျတော့ ဒီဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီးတော့ပေါ့နော် တိုင်းရင်းသားတွေရဲ့ အတွေးအမြင်တွေကို  ဘယ်လောက်ထိများ သိထားတာရှိလဲ  ။

ဖြေ။ ။ ဒီဟာနဲ့ ပတ်သက်လို့ အတွင်းကျကျ ဘယ်လောက်ထိ သူတို့သိထားတယ် ယုံကြည်ထားတယ် ဆိုတာ မသိပေမယ့် ဖက်ဒရယ်နဲ့ ပတ်သက်လို့ကတော့ သူတို့က တိုင်းရင်းသားအများစုက လိုလားတဲ့ သဘောရှိပါတယ်။ အဲ့ဒီအတွက်လည်း ဒီနေ့ စကားပြောတဲ့အခါမှာ ဖက်ဒရယ်နိုင်ငံဖြစ်ဖို့ သူအမြဲဒီလို ပြောနေတာဖြစ်ပါတယ်။ သေချာတာကတော့ သူတို့စိတ်ထဲမှာ ဖက်ဒရယ်နိုင်ငံဖြစ်လာပြီး ခုနစကားနဲ့ပဲ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်လာပြီဆိုရင်တော့ တိုင်းရင်းသားများ ရသင့်တဲ့ အခွင့်အရေးတွေ ရကြလိမ့်မယ်။ အဲ့ဒီနည်းတူပဲ ကျန်တဲ့ ဒေသအသီးသီးမှာ ရှိတဲ့ အခြားတိုင်းရင်းသားများလည်း သူ့အခွင့်အရေးသူ ရကြလိမ့်မယ် ။  ပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေ တာဝန်တွေကို ကန့်သတ် ခွဲခြား ဆောင်ရွက်ခွင့်ရှိမယ် ဆိုရင် ဒီနေ့အခြေအနေတော့ များစွာတိုးတက်လာမယ်လို့ သူတို့ ယုံကြည်ထားတယ်လို့ ဒီလိုပဲ ထင်ပါတယ်။

မေး။ ။   ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြည်သူများထံသို့ တင်ပြချက်ထဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်လာရေးဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ အဲ့ဒီတော့ ဒီပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ လိုက်လျှောညီထွေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်လာပြီဆိုရင် ကောင်းကျိုးဘာတွေများ ရှိမလဲခင်ဗျား။

ဖြေ။ ။ ထင်တာတော့လေ ကောင်းကျိုးတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ နံပါတ်( ၁ )ကတော့ ပြည်ထောင်စုသားများ သွေးစည်းညီညွတ်မှု ပိုလာမယ်။( ၂ ) ကတော့ ဒီလို သွေးစည်းညီညွတ်မှုတွေ က ပိုများလာတဲ့အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ဒီထက်ပိုကောင်းလာမယ်၊( ၃ )ကတော့ အဲ့ဒီလို တည်ငြိမ်အေးချမ်းလာမယ့် စည်းလုံးညီညွတ်မှုတွေ ပိုလာမှာ ဖြစ်တဲ့အတွက် နိုင်ငံတော် ဒီထက်ပိုပြီးတော့ တိုးတက်ဖို့ အခွင့်အလမ်းတွေ ရှိလာပြီ။ နောက်တစ်ခု နံပတ် (၄) ကတော့ ဒီနေ့ ပြည်သူတွေ မျှော်လင့်နေကြတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ပိုပြီးသွက်လက် လာနိုင်တယ် ။ ဒါကြောင့်မို့လို့ ခုနမေးတဲ့မေးခွန်း ဖြေရမယ်ဆိုရင် အနဲဆုံးတော့ ဒီအချက်လေးချက်ရှိပါတယ်။ ဒီထက်မက ဖော်ထုတ်မယ်ဆိုလို့ရှိရင်လည်း ရနိုင်တဲ့အကျိုးကျေးဇူးတွေ ရှိတယ်လို့ပဲ ပြောလိုပါတယ်။  ။

( ဆက်ရန် )

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း(၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/55141

Mizzima Weekly