ပြည်ထောင်စုလွှတ်တော်နာယကအား စွပ်စွဲပြစ်တင်ရန် လုပ်ကောင်းလုပ်မည်ဟု ပြည်ခိုင်ဖြိုးဆို

ပြည်ထောင်စုလွှတ်တော်နာယကအား စွပ်စွဲပြစ်တင်ရန် လုပ်ကောင်းလုပ်မည်ဟု ပြည်ခိုင်ဖြိုးဆို

ရန်ကုန် ၊ မတ် ၆ ။           ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်း အား ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခွင့်ရှိမရှိအား စောင့်ကြည့်နေပြီး ဆွေးနွေးခွင့်မရရှိပါက လွှတ်တော် တာဝန်ရှိများအား စွပ်စွဲပြစ်တင်ရန်အထိ ပြုလုပ်ကောင်းပြုလုပ်နိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုလိုက်သည်။

“ဥပဒေနဲ့အညီဆောင်ရွက်ခြင်း မပြုလုပ်တာဟာ ဥပဒေကိုဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်တယ်။ ဒီလိုဟာမျိုး ဖြစ်လာခဲ့ရင် တာဝန်ရှိပုဂ္ဂိုလ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပါတယ်။ May Be (လုပ်ကောင်းလုပ်မယ်) ကိုပဲ ပြောတာပါ” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။

လက်ရှိတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်နိုင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆၁ ကို  သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များမှ ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်နိုင်ရန် ပြည်ခိုင်ဖြိုးပါတီမှ ကြိုးစားလာနေခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ၏ ပုဒ်မခွဲ ခ၊ ဂ၊ ဃ နှင့် င တို့အား ပြင်ဆင်ရန် ဥပဒေမူကြမ်းအဖြစ် ပြည်ခိုင်ဖြိုးအမတ် ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုးပြီး တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းသည့် ပြင်ဆင်ရန် ဥပဒေမူကြမ်းကို တပ်မတော်သားကိုယ်စားလှယ် အမတ်များ နှင့် ရခိုင်အမျိုးသားပါတီအမတ်များမှ သဘောတူကြောင်း လက်မှတ်ရေးထိုးထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် လွှတ်တော်၌ ရခိုင်အမျိုးသားပါတီမှ အများစု အနိုင်ရရှိခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတမှ တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်သောကြောင့် NLD ပါတီဝင် ဦးညီပုမှ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ယင်းအတွက်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များမှ ရွေးကောက်တင်မြှောက်နိုင်ရန် ကြိုးစားလာနေခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ လှုပ်ရှားမှုကို ရခိုင်အမျိုးသားပါတီမှ သဘောတူလက်ခံလာခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ တင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ လွှတ်တော်ကလည်း ဆောင်ရွက်လား မဆောင်ရွက်လားဆိုတာ စောင့်ကြည့်နေတယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုသည်။

တင်သွင်းထားသည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးခွင့်မရရှိခဲ့ပါက ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၂၁ ကို အသုံးပြုပြီး လွှတ်တော်တာဝန်ရှိသူများကို ရုပ်သိမ်းနိုင်ရန် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၁ သည် လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ အား တာဝန်မှ ပြန်လည် ရုပ်သိမ်းကြောင်း ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အဆိုပါ နည်းလမ်းအတိုင်း လုပ်ဆောင်မည်ဆိုပါက အမတ် လေးပုံ တစ်ပုံ၏ ထောက်ခံချက်လိုအပ်မည်ဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly