မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများအတွက် မိုးခါးရေ သီချင်းသာ အော်ဟစ် ဆိုချင်မိသည်ဟု ဖြူဖြူကျော်သိန်း ပြော

မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများအတွက် မိုးခါးရေ သီချင်းသာ အော်ဟစ် ဆိုချင်မိသည်ဟု ဖြူဖြူကျော်သိန်း ပြော

နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပရန် တစ်လကျော်သာ လိုတော့သည့်အချိန်တွင် မဲစာရင်းမှားယွင်းမှုများနှင့်အတူ ပါတီတို့၏ မဲဆွယ်စည်းရုံးမှုများ၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများနှင့် ရွေးကောက်ပွဲအပေါ် ပါတီခေါင်းဆောင်များ၊ နိုင်ငံရေး လေ့လာသူများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် မဇ္ဈိမတို့ တွေ့ဆုံလျက် ယင်းတို့၏ အမြင်များကို တင်ပြလျက်ရှိနေသည်။

ယနေ့တွင် အဆိုတော် ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံမေးမြန်းမှုကို တင်ပြပေးသွားပါမည်။ မဇ္ဈိမနှင့် ဖြူဖြူကျော်သိန်းတို့ အသေးစိတ် တွေ့ဆုံမေးမြန်းမှုတွင် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် မြင်လိုသည်ဟု ဖြူဖြူကျော်သိန်းက ဆိုကာ လူတစ်စုသာ ကောင်းစားသည့် နိုင်ငံအဖြစ် မမြင်လိုတော့ဟု ဆိုသည်။

အလားတူ ရွေးကောက်ပွဲတွင် မဲပေးကြရန် သူက တိုက်တွန်းနေရာ ခြိမ်းခြောက် ခံနေရသည်ဟုလည်း သူကဆိုသည်။ မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင် မှားယွင်းမှုများအတွက် မိုးခါရေ သီချင်းသာ အော်ဟစ် ဆိုချင်မိသည်ဟုလည်း သူက ဆိုခဲ့သည်။

 

မင်္ဂလာပါ မဖြူဖြူ ကျွန်တော်တို့ မဇ္ဈိမ Studio ကို လာပြီးတော့ အင်တာဗျူး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီနေ့ မေးမဲ့မေးခွန်းကတော့ ရွေးကောက်ပွဲမှာ အနုပညာရှင်တွေကနေပြီးတော့ မဲစာရင်း သွားစစ်ဆေးကြပါ။ ကိုယ့်နံမည်နဲ့ တိုက်ဆိုင်စစ်ဆေးကြပါပေါ့။ ဒီတော့ ဒီအနုပညာရှင်တွေ အနေနဲ့ ဒီလောက်အထိ တိုက်တိုက်တွန်းတွန်း ဖြစ်ရလောက်အောင် ဘာအကြောင်းတွေကြောင့်လို့ ထင်သလဲဗျ။

ပထမဦးဆုံး အနေနဲ့ကတော့ အနုပညာရှင်လို့ မပြောခင်မှာ ဖြူဖြူအနေနဲ့ ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ ဖြူဖြူရဲ့ ခံယူချက်ကလေးကို အရင်ပြောချင်တယ်။ ဖြူဖြူ ၁၈ နှစ်ပြည့်ပြီးတဲ့ ပြည်သူတစ်ယောက် နိုင်ငံသားတစ်ယောက်အနေနဲ့ ဒါက ကိုယ့်ရဲ့ နိုင်ငံရဲ့အနာဂတ်သည် ကိုယ့်ရဲ့အနာဂတ်၊ ကိုယ့်ရဲ့စားဝတ်နေရေး၊ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့ မနက်ဖြန် ဒါကိုတည်ဆောက်ဖို့က ကိုယ့်အပေါ်မှာ တာဝန်ရှိတယ်။

ကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ့်နိုင်ငံရဲ့ အရေးက ကိုယ့်အရေးဖြစ်တယ်လို့ ယုံကြည် လက်ခံတယ်။ တစ်ခြားနိုင်ငံတွေမှာ ဆိုလို့ရှိရင်တော့ ဒီအတွေးအခေါ် အသိစိတ်ကို မူလတန်း ပညာရေးတွေကစပြီး သူ့အရွယ်အလိုက် သင်ပေးတာပေ့ါနော်။ အဲ့ဒီတော့ ဒီမှာလို ထူးထူးဆန်း ဆန်းတော့ ဖြစ်မနေဘူးပေ့ါ။ လူတိုင်းက ဒါကိုယ့်ရဲ့ အခွင့်အရေးဆိုတာကို နားလည်ကြတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ဆိုလို့ရှိရင် ဒီအခွင့်ရေးကို လက်လွတ်မခံသင့်ဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ရဲ့ အမြင့်ဆုံး ရပိုင်ခွင့်အာဏာ အခွင့်အရေး တာဝန်လည်း ဖြစ်တယ်လို့ ယုံကြည်တယ်။ ကဲအဲဒီမှာမှ ပထမတစ်ခေါက်ပေါ့ ပထမတစ်ခေါက်မှာတေ့ာ ဖြူဖြူတို့ တစ်မိသားစုလုံး မပါဘူးဆိုတာကတော့ တစ်တိုင်းပြည်လုံး သိကြပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံကလည်း အထမဦးဆုံး စတင်ပြောင်းလဲပြီးတော့ လုပ်ကိုင်တဲ့ အချိန်ဆိုတော့ အရာရာမှာ ကမောက်ကမတော့ ရှိတယ်ပေ့ါလေ။

အဲဒီတော့ ပထမဦးဆုံး တစ်ခေါက်မှာတော့ ဖြူဖြူတို့ ပုံစံ သုံးခေါက်ဝင်တဲ့ တစ်မိသားစုလုံး ပြန်ဖြည့်လိုက်တယ်။ ပြန်ဖြည့်တဲ့ အခါ အခု ဒုတိယအကြိမ် နောက်ဆုံးအကြိမ်ပေ့ါ။ အဲဒီအခါမှာတော့ ပါသွားတယ်။ ပါသွားပြီးဆိုတော့ လည်း ပြန်စဉ်းစားတော့လည်း ကိုယ်တစ်ယောက်တည်း ပါရုံနဲ့ ကိုယ့်မိသားစုပါရုံနဲ့ ကိုယ်တာဝန်ကျေပြီးလား ဆိုဒါမဟုတ်ဘူး။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကြားနေရတာက အရင် အမှားအတိုင်းဘဲ ထပ်မှားနေတယ် ဆိုတာရှိတယ်။

နောက်တစ်ကကျတော့ အရင်မှားတဲ့အမှားက မှန်သွားပေမဲ့ နောက်တစ်ခု မှားနေတယ်ဆိုတာ ဖြစ်တယ်။ အရင်ပါနေပြီးသားလူတွေက အခုမပါတော့ဘူး ဆိုတာတွေ ကြားရတယ်။ နောက်တစ်ခါ သေဆုံးပြီးသားစာရင်းတွေ ရှိနေတယ်။ နောက်ပြီးတော့ ဒီအိမ်ထောင်စုစာရင်းမှာ မပါတော့တဲ့သူတွေက အုပ်စုလိုက်ကြီး အမှားလိုက်ကြီး ပြောင်းပြီးတော့ ရောက်နေတာမျိုး၊ စသည်ဖြင့်ပေ့ါနော် အံ့သြစရာကောင်းတာတွေ အမှားတွေအများကြီး တွေရတဲ့အခါကျတော့ ကိုယ်က စဉ်းစားကြည့်တယ်ပေါ့နော် ကိုယ်ကတော့ ရိုးရိးသာမန်လူတစ်ယောက်အနေနဲ့ ဆိုရင်တော့ ကိုယ့်ရပ်ကွက်ထဲ လမ်းထဲ အိမ်နီးချင်း သူငယ်ချင်းလောက်ကိုဘဲ ကိုယ်ကပြောပြနိုင်မယ်။ တွန်းအားပေးနိုင်မယ်ပေ့ါ။

ဒါပေမဲ့ကိုယ်သည် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့အခါ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေကိုလည်း ကိုယ့်လိုမျိုး နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို ရရှိ ပိုင်ဆိုင်စေချင်တယ်။ မဆုံးရှုံးစေချင်ဘူး ဒီအခွင့်အရေးကို အဲဒီတော့ ကိုယ့်ရဲ့ ပရိသတ်တွေကို ဆော်သြတဲ့အနေနဲ့ ဒါလေးကို သွားကြည့်ပါဆိုပြီးတော့ ဖြူဖြူကတစ်ဆင့် ဆော်အောတယ်။ အခုလို အင်တာဗျူးလေးကတစ်ဆင့် ပြောတယ်။

အဲဒီတော့ အနုပညာရှင် တစ်ယောက်အနေနဲ့ ပြောပေးတဲ့အခါကျတော့ ပရိသတ် များတယ်ပေါ့နော် လူများများလေးကြားတယ် ဆိုတဲ့ ဒီအားသားချက်လေး တစ်ခုကိုတော့ ဖြူဖြူ ကူညီပေးလို့ ရတာပေ့ါ။ အနုပညာသမားအနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒါကိုယ့်ရဲ့ ပရိသတ်ပြည်သူတွေကို ကိုယ်နဲ့အတူတူပိုပြီးတော့ ကောင်းတဲ့အပြောင်းအလဲကို ရွေ့စေချင်တယ်၊ သွားစေချင်တဲ့ ဆန္ဒက ဖြူဖြူတို့အားလုံးမှာရှိကြတယ်။

နော်က အခုလိုမျိုး ၃၀% ပဲမှန်တယ် အနေအထားမျိုးမှာ ကျတော့လည်း ကိုယ့်ရဲ့ ပရိသတ် ပြည်သူတွေကို ပိုပြီးတွန်းတွန်း တိုက်တိုက်နဲ့ တာဝန်ယူပြီးတော့လည်း ပါဝင်စေချင်တယ်။ ဘယ်ဟာတွေ ဘယ်လိုဘဲ ဖြစ်ဖြစ်ပေ့ါနော်။ ကိုယ်လုပ်နိုင်တဲ့ ဟာကိုတော့ ကိုယ့်အပိုင်းကနေ တာဝန်ကျေကျေ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဘယ်လိုဘဲရှိရှိပေါ့ ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ်တာ အကောင်းဆုံးဘဲ ထင်တယ်။ ကိုယ့်တာဝန် ကျေလို့ရှိရင် ကျန်တဲ့အပိုင်းတွေသည်လည်း သူ့အပိုင်းနဲ့သူ ဝင်သွားလိမ့်မယ် ဆိုတဲ့ဟာမျိုးတွေ ဖြူဖြူထင်တယ်။

 

အနုပညာရှင်တွေကနေပြီးတော ဒီလိုမျိုး မဲပေးကြဖို့ တိုက်တွန်းတယ်။ ဒီပရိသတ် တွေကလည်း လိုက်ပြီးတော့ ဒါင့ါတို့အခွင့်အရေးဖြစ်တယ်။ မဲပေးကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် ဒါမှမဟုတ်လို့ရှိရင် ဒီပေးလိုက်တဲ့မဲတစ်မဲ၊ ဒါမှမဟုတ် အနုပညာရှင် တွေရဲ့ တိုက်တွန်းစေ့ဆော်မှုကြောင့် ပေးလိုက်တဲ့မဲတွေဟာ နိုင်ငံအတွက် ဘယ်လိုအထောက်အကူ ပြုနိုင်မလဲ။

အမှန်တကယ်တော့လေ ဖြူဖြူ အခုနလို ပြောလိုက်မိသလိုပေ့ါ။ ဖြူဖြူတို့ နိုင်ငံမှာ မို့လို့သာ ဖြူဖြူတို့ အနုပညာရှင်တွေက အဲလိုမျိုး နေရာတကာ ဝင်ပါပြီးတေ့ာ ဆော်သြော် ရတယ်ဆိုတာမျိုး ဖြစ်နေတာပါ။ တကယ်တမ်းကျတော့ တစ်ခြားနေရာတွေမှာ ဆိုလို့ရှိရင် ဖြူဖြူတို့ထက် ဘယ်လိုခေါ်မလဲ ပိုပြီးတော့ ပညာတွေရှိကြတဲ့သူတွေ အများကြီး တစ်ခြား နိုင်ငံတွေမှာက ဦးဆောင်ဦးရွက်ပြုကြတာကလေ။

ဒါပေမဲ့ ဒီမှာကတော့လည်း ဖြူဖြူတို့နိုင်ငံအခုမှ စပြီးတော့ ပွင့်လင်းလွတ်လပ်ပြီးတော့ အပြောင်းအလဲတစ်ခုကို သွားနေတဲ့နိုင်ငံဆိုတော့ ဒီအချိန်မှာကျတော့ အနုပညာရှင် အင်အားက တစ်ခြားနိုင်ငံတွေမှာထက် စာလို့ရှိရင် ပိုပြီးအရေးကြီးတဲ့ အနေအထားလေး လိုဖြစ်နေတယ်။ တစ်ခြားနေရာတွေမှာလည်း အရာရာမှာက ဘယ်လိုပြောရမလဲ နည်းနည်းလေး နောက်ကျနေတယ် သိပ်အဖွင့်နိုင်သေးဘူး အချိန်ဖြစ်နေတယ်ဆိုတော့ တစ်ခုခု ဆိုလို့ရှိရင် အနုပညာ ရှင်တွေ ပါဝင်လိုက်တဲ့အခါကျရင် အနုပညာရှင်ကို ချစ်တဲ့စိတ်နဲ့ ပရိသတ်တွေက နေပြီးတော့ သူတို့နားထောင်လိုက်ကြတယ်။ သတင်း စကားလေးေတွေကို လိုက်နာလိုက်ကြတယ် အဲလိုမျိုးလေး တွေရှိတယ်ပေါ့နော်။

ဒါကတော့ ဖြူဖြူတို့အနေနဲ့ ဘယ်လိုပြောရမလဲ တစ်ဖက်က ပြောလို့ရှိရင်လဲ ကောင်းတယ်လို့ဘဲ ပြောရမယ်ပေ့ါနော်။ ကောင်းတဲ့ အခွင့်အရေးလို့ပဲ ပြောရမယ်။ နောက်တစ်ဖက်က ကျတော့လည်း ဒီထက်ပိုပြီးတော့ တိုင်ပြည်ကပိုပြီးတေ့ာ ဒီမိုကရေစီ ရှင်သန်တိုးတက်ပြီး ပညာရေး စနစ်တွေကလည်း ပိုကောင်းလာမယ် ဆိုလို့ရှိရင်တော့ ဖြူဖြူတို့ထက် ပိုပြီးသိတဲ့တတ်တဲ့ အမြင်ကျယ်တဲ့ ပညာတတ်ကြတဲ့ လူတွေက ပြည်သူတွေကို ပိုပြီးတွန်းအားပေး ဦးဆောင်လာကြမှာ ပေ့ါနော်။

 

နောက်တစ်ခု ကျွန်တော်မေးချင်တာက ဒီအနုပညာရှင် တော်တော်များများပေ့ါလေ NLD ကို မဲပေးဖို့ သူတို့ဒါ စေ့ဆော်တာရှိတယ်။ နောက်ပြီး သီချင်းတွေနဲ့ ကူညီပေးတာရှိတယ်။ မဲဆွယ်ပွဲ တွေမှာလည်း လိုက်ပြီးတော့ ပူးပေါင်းပါဝင်တာရှိတယ်။ အနုပညာရှင်တွေ NLD အပေါ်မှာထားတဲ့ မျှောလင့်ချက်က ဘာများဖြစ်မလဲ ခင်။

ဖြူဖြူကတော့ တစ်ခြားသူ တစ်ယောက်ရဲ့ အကြောင်းကို ပြောမှာထက် စာလို့ရှိရင် ကိုယ့်ရဲ့ နိုင်ငံသားတစ် ယောက်အနေနဲ့ ခံယူချက်ကို ပြောချင်တယ်။ အနုပညာရှင် တစ်ယောက် ဆိုတာထက်ပေါ့နော်။ ဘာဖြစ်လို့ ဒီဖြတ်သန်းလာခဲ့တဲ့ ဘဝ၊ ဖြူဖြူတို့ နေ့စဉ်ကြုံတွေ့လာခဲ့တဲ့ စားဝတ်နေရေး၊ လူ့ဘဝနဲ့ယှဉ်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် ဖြူဖြူတို့ အနုပညာရှင်တွေထက်တောင်မှ တကယ်ခံစားရတဲ့ ပြည်သူတွေက ပိုသိကြပါတယ်။

ကိုယ့်ဘဝဘာဖြစ်နေလဲ ဘာလိုအပ်နေလဲ ဘာလဲ ဘယ်အခြေအနေ မှာရှိမယ်ဆိုတာက သူတို့က ပိုသိတယ်။ အကိုရယ် ပြောရလို့ရှိရင် ဒီ Studio ထဲမှာ အင်တာဗျူးခွင့် ရနေတဲ့ ဖြူဖြူတို့ အစ်ကိုတို့ဆိုတာက ဖြူဖြူတို့ တကယ်လို့ မီးပျက်သွားလို့ရှိရင် မီးစက်နှိုးခွင့်ရတယ်။ ဟုတ်တယ်ဟုတ် ။ ဘစတ်စကား မစီးချင်ဘူးဆိုရင် တက္ကစီ သွားလို့ရတယ်။ ဟုတ်တယ်မဟုတ်လား။ ကဲ ရေမလာဘူး ဆိုလို့ရှိရင် အဝီစိတွင်း တူးလိုက်လို့ရတယ်။ စသည်ဖြစ်ပေ့ါ တကယ်ပြည်သူတွေ နဖူးတွေ့ဒူတွေ့တွေ နေ့စဉ် ပြည်သူ သာမန်လူတန်းစားအများစုက ဘဝရဲ့ပြင်းထန်တဲ့ ရိုက်ခတ်မှုဒဏ် ကိုယ့်နိုင်ငံ လက်ရှိဖြစ်နေတဲ့အခြေအနေကို အသိဆုံးပါ။ ဖြူဖြူထက်တောင်မှ ပိုသိပါသေးတယ်။

ဖြူဖြူဆိုလို့ရှိရင် ကိုယ့်အနေနဲ့ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်သူ့ကို ထောက်ခံပါတယ်။ အားပေး ပါတယ်။ မဲပေးပါမယ်၊ အောင်နိုင်ရေး လုပ်ပါတယ် ဆိုပြီးတော့ အခုထိတော့ မလုပ်သေးဘူး။ ဒါပေမဲ့ ဖြူဖြူအနေနဲ့ လက်ခံယုံကြည်တာက ဘာရှိမလဲဆိုလို့ရှိရင် ကိုယ့်ရဲ့ပရိသတ်၊ ပြည်သူ၊ ကိုယ်သည်လည်း ပြည်သူတစ်ယောက်ပဲ အနုပညာရှင် ဖြစ်နေပေမဲ့ ကိုယ့်နိုင်ငံ ဘယ်ကိုသွားသင့်လဲ ဆိုတာ သိတယ်။ ကိုယ့်နိုင်ငံကို လူတစ်စု ကောင်းစားတဲ့ နိုင်ငံဆိုတာထက် တစ်နိုင်ငံလုံး၊ တစ်တိုင်းပြည်လုံး ရိုးရိုးသာမန် လူတွေအများစု လူများစု ကောင်းစားတဲ့တိုင်းပြည်မျိုး ဖြစ်စေချင်တယ်။

နောက်အခု ဒီ ၂၀၁၀ နောက်ပိုင်းကစလို့ပေါ့နော်။ နိုင်ငံရဲ့ အကြီးအကဲတွေ အခု အုပ်ချုပ်နေတဲ့ သမ္မတကြီးက စလို့ပေ့ါနော် အရပ်တစ်ကာ လှည့်ပြီးတော့ တစ်ကမ္ဘာလုံး ဟစ်ပြီး သတိတွေ ပေးထားကြပြီးပြီ၊ ဖြူဖြူတို့ နိုင်ငံကြီးကို ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံကြီးဖြစ်အောင်လို့ ကြိုးပမ်းတယ်ဆိုပြီးတော့ ကမ္ဘာ့အလယ်မှာ ပြောထားခဲ့တယ်။

နောက်ကမ္ဘာကြီးကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြူဖြူတို့ရဲ့ အပြောင်းအလဲကတဲ့ အညင်သာဆုံး အပြောင်းအလဲတောင် ပြောနေကြတယ်ပေ့နော် အခုထိပေ့ါ။ ဘယ်လိုခေါ် မလဲ သွေးသံတစ်ရဲရဲနဲ့ အကြီးအကျယ် စစ်ပွဲတွေ အပြန်အလှန်နဲ့ ဖြစ်ပြီးတော့ မြို့တွေပေါ်အထိ တိုက်နေတာမျိုး၊ မဟုတ်တာက လွဲလို့ရှိရင်တော့ ဒါက အတိုင်းအတာ တစ်ခုထိ လက်ခံထားရမယ်ပေ့ါနော်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ထက်ပိုပြီး ပညာရှိတဲ့ အသိဉာဏ်ရှိတဲ့၊ အတွေ့အကြုံရှိတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကအစ ဒီလိုစကားနဲ့ ပြောတာဆိုတော့လည်း ဒါက လက်ခံသင့်တာပေ့ါနော်။ အဲဒီအတိုင်းလေးဘဲ ဘယ်လိုခေါ်မလဲ ဆိုးဝါးနာကျင်မှုတွေ မဖြစ်ဘဲနဲ့ ညင်ညင်သာသာလေးနဲ့ တကယ်ဘဲ ပိုပြီးကောင်းတဲ့ ဒီမိုကရေစီနိုင်ငံ စနစ်ဆီကို ပြောင်းလဲနိုင်တဲ့ နိုင်ငံဖြစ်ရင်တော့ ပိုကောင်းမှာပေ့ါနော်။ အဲလိုတွေမျိုးတော့ သိပ်ဖြစ်စေချင်တာပေ့ါ။

ဘယ်သူမှမနစ်နာလဲ အထူးသဖြင့် အခုဆိုလို့ရှိရင် ပြည်သူတွေဘဲ နာတာပါ။ ပြည်သူဘဲပိုပြီးတော့ ဒုက္ခရောက်ရတာဆိုတော့ အတတ်နိုင်ဆုံးတော့ အခုလိုမျိုး ကတိတွေလည်း ပေးထားပြီးတဲ့ သကာလမှာ စည်းစနစ်ရှိရှိနဲ့ တကယ်ကို သိက္ခာရှိတဲ့ စနစ်ရှိရှိနဲ့ ပွင့်လင်းမြင်သာ လွတ်လပ်စွာနဲ့ ရိုးသားစွာနဲ့ ကောင်းတဲ့ အပြောင်းအလဲကို သွားတဲ့ နိုင်ငံသမိုင်းကိုတော့ အတူတူ တည်ဆောက်ချင်တာပေ့ါနော်။

 

ကျွန်တော်နည်းနည်းလေး နောက်ကိုပြန်သွားရအောင်။ ဒီရွေးကောက်ပွဲကော်မရှင် ကနေပြီးတော့ ပြောထားတာရှိတယ်။ ၃၀% ပဲမှန်မယ်။ တစ်ချို့လူတွေကပြောကြတယ်။ ဒီမဲစာရင်းတွေက ၁၈ ကြိမ်တောင်မှ ပြင်ပြီးသွားပြီ။ နောက်ပြီးတော့ အကြောင်းပြချက်ကလည်း ပေးတယ်။ ဘာပေးလဲဆိုတော့ ဒါသူတို့မှားတာမဟုတ်ဘူး။ ရွေးကောက်ပွဲ ကော်မရှင်မှားတာ မဟုတ်ဘူး။ မှားတာက ကွန်ပျူတာ ဆော့ဝဲလ်ပေ့ါ ဒါ မှားတာဆိုတဲ့အခါကျတော့ ဒီရွေးကောက်ပွဲကော်မရှိရဲ့ ဒီတာဝန်ယူမှု၊ တာဝန်ခံမှုအပေါ်မှာ ဘယ်လိုမြင်သလဲ။

ဖြူဖြူက မိုးခါးရေသီချင်းဆိုလိုက်မှာပေါ့။ အမှားတွေ အမှားတွေ။ အခုတောင်မှ ပရိသတ်တွေက နောက်နေကြပြီး။ နယ်တွေဘာတွေ သွားတယ်ဆိုလိ့ုရှိရင် စတိတ်ရှိုး ရောက်ပြီဆိုလို့ရှိရင် မဖြူရေ အခုတလော အမှားတွေ သိပ်များလွန်းလို့ မိုးခါးရေ ဆိုပါဆိုပြီး၊ ဖြူဖြူ ဟိုတစ်နေ့တုန်းက မိုးခါးရေ ဆိုခဲ့ရတယ်။ ဒါပေမဲ့ ဖြူဖြူက မိုးခါးရေ မသောက်ပါဘူးရှင်။ ၁၈ ကြိမ်ပြင်တယ်ဆိုတာ အစ်ကိုပြောမှ ဖြူဖြူသိတာ။ ဖြူဖြူကတော့ တစ်ခါပြင်လိုက်ရတယ်။ နှစ်ခါထုတ်တယ်လို့ ထင်လိုက်ရတယ်ပေ့ါနော်။

 

ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတစ်ယောက်က ပြောတာပါ။ ဒီအခြေအနေပေါ်မှာကော ဒီအခုနက ပြောတဲ့ဟာပါဘဲ ဒီရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်နည်းလုပ်ဟန် ဒါမှမဟုတ်ရင် တာဝန်ယူမှုအပေါ်မှာ နည်းနည်းသုံးသပ်ပေးပါဦး။

အခုနက အစ်ကို ပြောသလိုပေ့ါနော်။ ဒီပထမဦးဆုံး အကြိမ်တုန်းကတော့ ကျွန်မဘယ်လို စဉ်းစားလိုက်လဲ ဆိုတော့ဟုတ်ပြီး ငါတို့နိုင်ငံက အခုမှ အလင်းလေးစပြီး ပွင့်လာကာစ ရှိသေးတယ်။ အရာရာမှာ ကမောက်ကမနဲ့ နှစ် ၅၀ မှာ ဖြတ်သန်းလာရတဲ့အခါကျတော့ ဒါမျိုးစလုပ်တဲ့ အချိန်မှာတော့ တစ်လွဲတစ်ချော်တော့ ရှိနေမှာဘဲလေ၊ ကိုယ်က အတတ်နိုင်ဆုံး အကောင်းမြင်ဖို့အတွက်လည်း ဖြူဖြူက ပြင်ဆင်ထားပါတယ်။

ကဲအဲဒီတော့ ပြင်လိုက်ပြီးတဲ့အခါမှာ မှန်လာတယ်ပေါ့။ ကိုယ်မှန်ပြီးသား အခါမှာ တစ်ခြားသူ မမှန်တဲ့အခါ ကိုယ့်မှာ ဆော်သြော်ရပြန်ကော။ အဲဒီမှာ အစ်ကို အခုနကပြောသလိုပေ့ါနော် တစ်ခု ဒီကိစ္စက စစပေါ့ ပြောရလို့ဆိုလို့ရှိရင် ဖြူဖြူတို့လို ဒီလိုမျိုးပေါ့ ကိုယ့်နိုင်ငံမှာ ဆိုလိ့ုရှိရင်တော့ လူ စိတ်ဝင်စားခံရတဲ့ သူတွေရဲ့ ဒီမဲစာရင်းတွေတောင် မှားတယ်၊ မပါဘူးဆိုတာဖြစ်တယ်။

နောက် ဒီထက်ပိုပြီးတော့ တစ်ခြားသော လူသူ မရောက်တဲ့နေရာတွေတို့ ရပ်ကျေးရွာတွေမှာ ဆိုလို့ရှိရင် ဘယ်လောက်ဆိုး နိုင်မလဲပေ့ါ။ စိုးရိမ်ရသလို၊ ဖြူဖြူနောက်တစ်ခု ထပ်သွားတွေ့သေးတယ်။ အဲဒါကိုလည်း ဖြူဖြူစိုးရိမ်ပါတယ်။

နောက်တစ်ခုက ဘာသွားတွေ့လည်းဆိုတော့ အခုလိုမျိုး ဖြူဖြူတို့ တွေပေါ့နော် အနုပညာရှင်တွေ ကနေပြီးတော့ မဲစာရင်းကြည်ဖို့အတွက် ဆော်သြော်ကြတဲ့ သကာလမှာ အထင်ကရ အနုပညာရှင်တွေကိုတောင်မှ လာပြီးတော့ တိုက်ခိုက်တာ လှောင်ပြောင်တာ၊ ခြောက်လန့်တာ၊ ခြိမ်းခြောက်တာ ဒါမျိုးတွေကို လုပ်ပါတယ်။

အဲဒီတော့ လုပ်လာတဲ့အခါကျတော့ ကိုယ်က စဉ်းစားမယ် ဟယ် ငါဆိုလို့ရှိရင် ဘယ်သူ ဘယ်ပါတီလို့လ ဲပြောတာမဟုတ်သေးဘူး။ ဒါပေမဲ့ ပြည်သူတွေ လူတစ်ယောက်အနေနဲ့ အခွင့်အရေးနဲ့ မဲပေးရမယ်။ မဲပေးနိုင်ဖို့အတွက် မဲစာရင်းတွေမှာ နာမည်ပါရမယ်။ အဲဒီအတွက်ကြောင့် မဲစာရင်းသွားကြည့်ရမယ်ဆိုတာကို ပြောရုံနဲ့ ရှိသေးတယ်။

 ဟောဒီလိုလူတွေကိုတောင်မှ တိုက်ခိုက်တယ်။ အယ် တစ်ခုခု တစ်ယောက်ယောက် တစ်ဖွဲ့အစည်းအတွက် မဲဆွယ်ပေးတဲ့ သူတွေကို ပိုတောင် အတိုက်အခိုက်ခံရဦးမယ်။ ကဲအဲဒီအခါမှာ နောက်ထပ် စဉ်းစားကြည့်ရင် ဟုတ်ပြီ ကိုယ်တွေကို လူသိတယ် ဆိုတာမျိုးတောင် လာပြီးတော့ ပြောဆို ခြိမ်းခြောက်တယ် ဆိုရင် ရပ်ကွက်ထဲမှာ အလုပ်ထဲမှာ လူမမြင် သူမမြင် အကာအကွယ်မဲ့တဲ့ င့ါရဲ့ပရိသတ် ပြည်သူတွေကိုတောင် ဘယ်လောက်ခြမ်းခြောက်မလဲ။ ဘယ်လောက်ထိ ဟောက်စားလို့နေမလဲ၊ ဘယ်လောက်ထိ ဒုက္ခပေးနေရမလ၊ မဲမပေးရဲအောင် မဲပေးခွင့်မရှိအောင် အမျိုးမျိုးတွေ မဟုတ်တဲ့ သတင်းအမှာတွေ ဘယ်လောက်လုပ်နေလိုက်မလဲ ဆိုပြီးတော့ အဲဟာတွေကိုတော့ စိုးရိမ်မိပါတယ်။

အခုန အစ်ကိုပြန်တဲ့ မေးခွန်းဆီကိုတွေကို ပြန်သွားရမယ်ဆိုရင် တစ်ကြိမ်မှား၊ နှစ်ကြိမ်မှား နော်ထပ်ထပ်မှား ဆိုတော့ မိုးခါးရေး ဆိုတားတဲ့ ဖြူုဖြူကျော်သိန်းတောင် ဉာဏ်မမှီတော့ပါဘူးရှင့်။ အဲဒီတော့ အဖြစ်ချင်ဆုံးလေးပေ့ါ  ကိုယ်ဉာဏ်မီသလောက် လေးနဲ့ပြောရမယ်ရင် ဖြူဖြူဘဝမှာ အခုတစ်ခါနဲ့ဆို မဲကို ဒီမိုကရေစီ ရွေးကောက်ပွဲဆိုတာ နှစ်ကြိမ်ကြုံတာဖြစ်ပါတယ်။

ပထမအကြိမ် ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ဖြူဖြူ မဲထည့်ခဲ့ပါတယ်။ အဲဒီတုန်းက အရမ်းရိုးရှင်းတယ်။ ဖြူဖြူရဲ့ နိုင်ငံသား စိစစ်ရေးကဒ် နောက်ပြီးတော့ ဖြူဖြူရဲ့ သန်ခေါင်းစာရင်း မိတ္ထူလုပ် ဘာဘဲဖြစ်ဖြစ်ပေ့ါ။ ကိုယ်သည် နိုင်ငံသားဖြစ်နေပြီး ၁၈ နှစ် ပြည့်ထားပြီးပြီဆိုတာ သေချတဲ့ အထောက်အထားနဲ့ မိသားစုလေး တစ်အိမ်လုံး မဲထည့် နိုင်ခဲ့တယ်။ အဲဒါသည် အင်မတန်ရိုးရှင်တယ်။ တကယ်လက်တွေ့လေ့ကျင့်သုံးဖူးတယ်။ တရားလည်း ဝင်တယ်။

နောက် ဒီနှစ်ထဲမှာဆိုလို့ရှိရင်လည်း ဒီ ၂၀၁၅ နှစ်ဆန်း မှာကတည်းက ပြန်ပြီးတော့ သန်ခေါင်စာရင်း ကောက်ကြတယ်။ အဲဒီ အချက်အလက်တွေလည်း အပြည်အစုံ ရှိပြီးဆိုမှတော့ အချိန်ကလည်း သိပ်မကွာ တော့ဘူးပေ့ါနော်။ ကဲဘယ်သူ့ကြောင့်လို့ ဘာဖြစ်တယ်လို့ ညာဖြစ်တယ်လို့ အဲဒါတွေသွားတာက တစ်ပိုင်းပေါ့။ အဲလိုမျိုး ရှာဖွေတဲ့သူတွေ လုပ်ကြတဲ့သူတွေကလည်း လုပ်ကြတာပေါ့နော်။

နောက်တစ်ခုကလည်း ဖြူဖြူတို့ကလည်း ပိုပြီးတော့ ဖြစ်စေချင်တာကေတော့ ၂၀၁၀ တုန်းကလိုမျိုးဘဲ မှတ်ပုံတင် ကိုယ့်ရဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား၊ အကြံဖန်နဲ့ ရလာတော့ မဟုတ်ဘူးပေ့ါနော်။ တကယ်နိုင်ငံသား စိစစ်ရေးကဒ်ပြားကို ဒီနိုင်ငံရဲ့ ဥပဒေ မှန်ကန်စွာ ရလာတဲ့ နိုင်ငံသားပေါ့နော်။ အဲဒါဖြစ်ကြောင်း ဆိုတဲ့ စိစစ်ကဒ်ပြားရယ် အလွန်ဆုံး လိုအပ်တယ်ဆိုလို့ ရှိရင် သန်ခေါင်စာရင်းမိတ္ထူ (သို့) မူရင်းကလေးနဲ့ ပြပြီးတော့ ကိုယ်ရှိတဲ့ ကိုယ်နေတဲ့နေရာမှာ ၂၀၁၀ တုန်းက လိုပဘဲ။ ထည့်ခွင့်ပေးလိုက်ပါ အဲဒါ အရိုးရှင်းဆုံး၊ အမှန်ကန်ဆုံး၊ ပွင့်လင်း မြင်သာဆုံး ဖြစ်မှာပါ။ ပြည်သူတွေ အားလုံးလည်း ကျေနပ်ကြမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူတို့ နိုင်ငံကြီးကို တကယ် ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတော်ကြီးကို လျှောက်လမ်းပါမယ်လို့ လူကြီးတွေ အားလုံးကလည်း ကမ္ဘာ့ရှေ့မှာ ကတိပေး ထားပြီးပြီး အားလုံးကလည်း စိတ်ဝင်းစားနေပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူကို ဗဟိုပြုတဲ့စနစ်လို့ ဖြူဖြူ့ ဦးနှောက် သေးသေးလေးနဲ့ နားလည်ပါတယ်။ ပြည်သူသည် အဓိက ဖြစ်ပါတယ်။ အဲလိုသာ လုပ်လိုက်မယ်ဆိုလို့ရင် ပြည်သူတွေက အရမ်းပျော်မှာ။

 

ကျွန်တော် နည်းနည်းလေးပြန်ကောက်ရအောင် အခုနက မဖြူဖြူပြောသွားတဲ့ အထဲမှာ ခြိမ်ခြောက်တာ၊ နှောက်ယှက်တာ ဘယ်လိုဆိုတာ နည်းနည်းလေး အသေးစိတ် ပြောပြပါလား။

ပြောလို့ရပါတယ်ရှင့် ဒါပေမဲ့ တစ်ချို့ အချက်တွေကို ဖြဖြူ ဒီအပေါ်ကနေ မပြောလိုပါဘူး။ တကယ် လိုအပ်လာပြီး ပိုပြီးဆိုးလာဆိုတဲ့ အချိန်ကျမှ ဖြူဒါကို သေးစိတ် သွားဖို့အတွက် ချန်ထားပါရစေပေ့ါ။ အဲဒါပေါ်တင်ပဲပြောတာပါ တစ်ခါတစ်ရံကျလို့ရင် အံ့သြစရာ သိပ်ကောင်းတာက ဟိုဖြူဖြူ တစ်ဦးတစ်ယောက် တစ်ဖွဲ့စည်းအတွက် လုပ်တာ မဟုတ်ဘဲနဲ့ ပြည်သူ အားလုံးအတွက် ဒါဟာပိုပြီးတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆိုတာအတွက်ကို မဲစာရင်း ကြည့်ပါလို့ပြောတာ ပြောတာမှာတင်ကို သီချင်း အေးအေး မဆိုချင်ဘူးလာ။ ထမင်းကောင်းကောင်း မစားချင်ဘူးလာ မင်းနဲ့ ဘာဆိုင်လဲ။

ပြီးတဲ့အခါကျရင် ဘာသာရေး လူမျိုးရေးက အစပေါ့နော် အဲလိုမျိုးလေးတွေ ပုတ်ခတ် စော်ကားတိုက်ခိုက် လောင်ပြောင်တာမျိုးလေးတွေ ရှိလာတယ်။ နောက်တစ်ခါတစ်ချို့သော ဝါဒမှိုင်း တိုက်တတ်တဲ့ သူတွေကနေပြီးတော့ ဖြူဖြူ့ ဓာတ်ပုံတွေကို Photoshop လုပ်ပြီးတော့ မဟုတ်တာတွေ သတင်းတွေ ဖြန့်တာ ရေးသားတာမျိုးတွေလည်း ပါတယ်။ အဲဒါတွေအကုန်လုံးကို ဖြူဖြူလည်း အကုန်လုံးကလည်း Screenshot ရိုက်ထားတယ်၊ ယူထားတယ်။ အကုန်လုံးကလည်း ဖြူဖြူတို့ ဆက်သွားစရာ ရှိတာတွေလည်း ဆက်သွယ်ထားတယ်။ တစ်ခါတစ်ရံကျလို့ရှိရင် တစ်ချို့သော အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ နေရာကဏ္ဍမှာ ပါဝင်ပတ်သက်နေတဲ့သူတွေရဲ့ အကောင့် တွေကတောင် လာပြီးတော့ လုပ်ကြသူက ရှိတယ်။ အကောက်ပုံးတွေ အကောက်တုတွေ အားလုံးလာတာကတော့ ထားပေ့ါနော်။ ဒါကတော့ ဘာလဲဆိုတာလဲ သိကြပါတယ်လေ။ အဲဒီလောက် အထိတော့ အသေးစိတ် မပြောလိုတော့ပါဘူး။

 

အတိုချုပ်လေးမေးရအောင် မဲပေးကြမယ့် မဲဆန္ဒရှင်တွေကိုကော ဘာများ ပြောချင်လဲ။

နံပါတ် ၁ အချက်ကတော့ ဒါသည် မဲပေးတယ်ဆိုတာသည် ဒီမိုကရေစီ နိုင်ငံသား တစ်ယောက်အတွက် ကိုယ့်ရဲ့ အမြင့်ဆုံးအာဏာ ရပိုင်ခွင့် အခွင့်အရေး ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ပေးကို ပေးစေချင်ပါတယ်။ ပေးဖြစ်အောင်ပေးပါ။ ဘယ်လိုမျိုး အနှောက်အယှက် အတားအဆီးရှိသည်ဖြစ်စေ၊ ပေးကိုပေးပါလို့ အားပေးချင်တယ်။

နောက် နံပါတ် ၂ အချက်ကကြတော့ မဲသွား မပေးဖို့အတွက်တော့ မဲစာရင်းသွား မကြည့်ဖို့အတွက်တို့ ဒါမျိုးတွေ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်ပေ့ါ။ ခြိမ်းခြောက် နှောက်ယှက်တာမျိုး၊ အန္တရာယ်ပြုတာမျိုး ရှိလို့ရှိရင် ဘာမှ ကြောက်စရာမလိုပါဘူး။ အဲဒီလူတွေကို ဒါရွေးကောက်ပွဲ ကော်မရှင်တွေတိုင်လို့ရတယ်။ ဥပဒေလည်းရှိပါတယ်။ အဲလိုလုပ်တဲ့သူတွေသည် ထောင်ဒဏ်တစ်နှစ်သို့မဟုတ် ဒဏ်ငွေတစ်သိန်း (သို့) နှစ်ခုစလုံး ကျခံခွင့်ရှိတယ်။ အဲဒီနှစ်ချက်ကိုတော့ သိထားစေချင်ပါတယ်။

 

နောက်ဆုံးမေးခွန်းပါဘဲခင်ဗျာ ဆိုတဲ့အခါကျတော့ ဒီ ၂၀၁၅ ရွေးကောက်ပွဲပြီးရင် မဖြူဖြစ်စေချင်တဲ့ အနာဂတ် မြန်မာ နိုင်ငံဟာ ဘယ်လိုပုံစံမျိုးဖြစ်လာမလဲ။

ဒီမိုကရေစီနိုင်ငံတော် ဒီမိုကရေစီစနစ် တကယ်ထွန်းကားပြီးတော့ ဒီစနစ်ကို ဖော်ဆောင်ပေးနိုင်မည့် ခေါင်းဆောင်တွေ ဦးဆောင်တဲ့အတိုင်း ဖြစ်စေချင်တယ်။ နောက်တစ်ချက်ပြောရလို့ရှိရင် လူတစ်စု ကောင်းစားတာမျိုးထက်၊ ပြည်သူအများစု သာမန် ပြည်သူအများစု ကောင်းစားတဲ့ တိုင်းပြည်ကြီး ဖြစ်စေချင်တယ်။ ပညာရေးတွေ၊ ကျန်းမာရေးတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly