လွှတ်တော်အနီး ဒရုန်းမောင်းသည့် ပြင်သစ်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေးရန် လ.၀.က ဥပဒေဖြင့် တရားစွဲမည်

လွှတ်တော်အနီး ဒရုန်းမောင်းသည့် ပြင်သစ်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေးရန် လ.၀.က ဥပဒေဖြင့် တရားစွဲမည်
ဖေဖော်ဝါရီလ ၂၂ ရက်က ဥတ္တရသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့စဉ်။ ဓာတ်ပုံ-မင်းမင်း

ရန်ကုန်၊ မတ် ၅ ။      ။    နေပြည်တော် လွှတ်တော်အဆောက်အဦအနီး ဒရုန်း (Drone) မောင်းနှင်ရိုက်ကူးခဲ့သည့် ပြင်သစ်နိုင်ငံသားကို ဗီဇာစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ လ.၀.က ဥပဒေဖြင့်ပါတရားစွဲဆိုသွားရန်ရှိနေကြောင်း ဥတ္တရသီရိမြို့နယ် ဘုရားကုန်း စခန်းမှူး ဒုရဲမှူးမင်းတင်က မဇ္စျိမသို့အတည် ပြုပြောသည်။

မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀ ဖြင့် မတ်လ ၅ ရက်နေ့တွင် လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုညွှန်မှူး ဦးမောင်မော်က ဘုရားကုန်းမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး စတင် ရုံးထုတ် မည့် မတ်လ ၆ ရက်နေ့တွင် လ.၀.က ဥပဒေဖြင့်ပါ ဆက်လက်တရားစွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

“ လ.၀.က ကပြည်နှင်ဖို့အတွက် တရားရုံးမှာ တစ်ခါတည်း အမှုဖွင့်မှာ။ မနက်ဖြန် ( မတ် ၅ ရက် )  လ.၀.က ရော လေကြောင်းရော နှစ်ခုပေါ့နော်” ဟု ဘုရားကုန်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမင်းတင်ကပြောသည်။

စွဲဆိုခဲ့သည့် လေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀ အရ ထောင်ဒဏ် ၃ လ (သို့မဟုတ်) ဒဏ်ငွေ ၅ သောင်းကျခံနိုင်ပြီး ဗီဇာစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ လ.၀.က အက်ဥပဒေဖြင့်ပါထပ်မံ တရားစွဲရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

အဆိုပါ ပြင်သစ်နိုင်ငံသားကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ဥတ္တရသီရိမြို့နယ်တရားရုံးမှ စွဲချက်တင်ပြီးနောက် အလုပ်နှင့် ထောင်ဒဏ် တစ်လ ကျခံစေရန် အမိန့်ချမှတ် ထားသည်။

ပြင်သစ်နိုင်ငံသား Mr. Arthur Desclaux သည် ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့ ဇန်နဝါရီ ၃ဝရက်က စက်ဘီး စီးနင်းပြီး ဝင်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်သို့ ရောက်ရောက်ချင်း လွှတ်တော်ကြိုးတံတားဂိတ်အနီး ဒရုန်းလွှတ်တင်နေစဉ် ဖမ်းဆီးခံရခဲ့ ရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly