တနင်္သာရီမြို့အား ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်မည်ကို မြို့ခံအချို့ ကန့်ကွက်

တနင်္သာရီမြို့အား ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်မည်ကို မြို့ခံအချို့ ကန့်ကွက်
မတ်လ ၃ ရက်က ပြုလုပ်သော လူထုတွေ့ဆုံပွဲ

တနင်္သာရီ၊ မတ်လ ၅ ။            ။ တိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့သော တနင်္သာရီမြို့အား ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်မည့်အဆိုကို မြို့ခံအချို့က သဘောမတူ၊ ကန့်ကွက်နေကြောင်း သိရသည်။

တနင်္သာရီမြို့ရှိ ရှေးဟောင်း ယဉ်ကျေးမှု မြို့ဟောင်းအား တိုင်းဒေသကြီးအစိုးရအနေဖြင့် ထိန်းသိမ်း စောင့်ရှောက်ရန် အစီအစဉ်ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ကို ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတွင် တနင်္သာရီမဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက (ကြယ်ပွင့်ပြ) မေးခွန်းအဖြစ် အဆိုတင်သွင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မတ်လ ၃ ရက်က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြည်သူများနှင့် တွေ့ဆုံစဉ် မြို့ခံများက တနင်္သာရီမြို့သည်၊ ကျဉ်းမြောင်းပြီး၊  နှစ်စဉ် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရ ကြောင်း၊ ဥပဒေများနှင့် စည်းကမ်းသတ်မှတ်ချက် များလာပါက ပြည်သူများအနေဖြင့် အခက်အခဲမျိုးစုံ ကြုံတွေ့လာနိုင်၍ သဘောမတူဘဲ ကန့်ကွက်လိုက်ခြင်းဟု ပြောဆိုသည်။

“ကျွန်မတို့ တောင်းဆိုချင်တာက ဇုန်အဖြစ် သတ်မှတ်တာကို မလိုချင်ဘူး၊ ယခင်တုန်းကလည်း ကျွန်မတို့ ဒေသခံတွေ မိရိုးဖလာအနေနဲ့ ထိန်းသိမ်းလာတာမျိုး ရှိပါတယ်၊ မအောင်သာနှင့် မြို့ရိုးကို ထိန်းသိမ်းနေသလိုမျိုး လွတ်လွတ်လပ်လပ် လုပ်ချင်ပါတယ်၊ အခုလိုမျိုး ချုပ်ချယ်တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ထိန်းသိမ်းရမယ် ဆိုရင် အခက်အခဲတွေ ဖြစ်လာနိုင်လို့ သဘောမတူတာ ဖြစ်တယ်” ဟု တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်နေ ဒေါ်ရီရီအောင်က ပြောသည်။

ယင်းမြို့အား  ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ရန် အဆိုတင်သွင်းလိုက်ပြီးနောက် ပညာရှင်များက လာရောက်စီစစ်ရန် ရှိနေသည်။

”ရှေးဟောင်း ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်တာနဲ့ပတ်သက်ပြီး၊ ပြည်သူလူထုတွေကြားမှာ စိုးရိမ်မှုတွေ ဖြစ်လာလို့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ ပြည်သူတွေက စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေတာက ဇုန်အဖြစ်သတ်မှတ်လိုက်ရင် အဲ့ဒီဇုန်ထဲမှာ လူနေထိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေ ဖြစ်ပေါ်လာမှာကို ကန့်ကွက်နေကြတာ ဖြစ်တယ်”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

ကိုယ်စားလှယ် ဦးရဲမြင့်ဆွေအနေဖြင့် ပြည်သူများနှင့်တွေ့ဆုံပွဲ အပေါ် မူတည်၍ ရှေးဟောင်းယဉ်ကျေးမှုဇုန်ကို လွတ်လွတ်လပ်လပ် ထိန်းသိမ်းသွားရန် အစီအစဉ်ကို ပြန်လည်တင်ပြတောင်းဆိုပေးသွားမည်ဟု ပြောသည်။

“ရှေးဟောင်းဇုန်ဆိုတဲ့ ဇုန်သတ်မှတ်ခြင်းကို ကျွန်တော့အနေနဲ့ ဥပဒေအရ အများကြီး နားမလည်ပေမယ့် ကိုယ်စားလှယ်ရဲ့ ပြောပြချက်အရဆိုလျှင် ဇုန်အဖြစ် သတ်မှတ်လိုက်ရင် တနင်္သာရီမြို့က ကျဉ်းမြောင်းနေတော့ ပြည်သူတွေအနေနဲ့ ထိခိုက်မှုတွေ၊ နစ်နာမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ယခင် မြို့ခံလူတစ်စုက ထိန်းသိမ်း နေသလိုမျိုး ထိန်းသိမ်းသွားချင်ပါတယ်”လို့ ချောင်းကြီးရပ်ကွက်နေ ဦးညွန့်နွယ်က ပြောဆိုသည်။

တနင်္သာရီမြို့အဝင်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှေးမြို့ဟောင်း (၇) မြို့ ရှိပြီး ဒေသမှတ်တမ်းများအရ ရှေးအကျဆုံး မြို့တစ်မြို့ဖြစ်သော သာဂရမြို့ဟောင်း (ထားဝယ်) ကို ရှေးယဉ်ကျေးမှုဇုန် အဖြစ် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် သတ်မှတ်ခဲ့ပြီး၊ မုတ္တီးမြို့ဟောင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီ မြို့ဟောင်းသည် သာဂရမြို့ဟောင်းပြီးလျှင် ဒုတိယ အရှေးကျဆုံးသော ကမ္ဘာသိရှေးဟောင်း မြို့တော်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly