“အင်န်အယ်လ်ဒီ က ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံမရဘူး၊ လူကြိုက်ကတော့ များနေတုန်းပဲ” (၂)

“အင်န်အယ်လ်ဒီ က ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံမရဘူး၊ လူကြိုက်ကတော့ များနေတုန်းပဲ” (၂)

ယမန်နေ့မှ အဆက်

မေး ။    ။ ဒါပေမယ့် ဒီအစိုးရ လုပ်ဆောင်ခဲ့တာတွေဟာ ဘယ်အစိုးရမျိုးမဆို လွယ်လွယ်ကူကူ လုပ်နိုင်လောက် တဲ့ အရာတွေ ဖြစ်တယ်လို့ တချို့က ပြောကြတယ်။

ဖြေ ။    ။ ဟုတ်လောက်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ သူတို့ တကယ်ရခဲ့တဲ့ ရလဒ်ထက် ရလဒ်ပိုကောင်း အောင် ရည်ရွယ်ခဲ့တာပါ။  ဥပမာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေ တစ်ရပ်ဖြစ်ဖို့ သမဂ္ဂတွေ၊ အလုပ်သမား တွေကို ဆန္ဒပြခွင့်တွေ ပေးတာမျိုးပေါ့။  

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတချို့ အကောင်အထည် ဖော်မှု ဒါမှမဟုတ် လုပ်ခလစာ တိုးလာခြင်းအားဖြင့် တွေ့ရမယ့်စနစ် အပြောင်းအလဲကနေ ရရှိလာမယ့် အကျိုးအမြတ်တွေက ရသင့်သလောက် ရမလာဘူး။ ဖြစ်သင့်သ လောက် ဖြစ်မလာဘူး။ ဒီလိုအခြေအနေတွေကြောင့် အထူးသဖြင့် ကိုယ်ပိုင်စီးပွားရေး ထူထောင်ဖို့ပဲဖြစ်ဖြစ် အိုးအိမ် ဝယ်ဖို့ပဲဖြစ်ဖြစ် ငွေမရှိတဲ့ မြို့နေလူတန်းစား အလွှာထဲမှာတော့ စီးပွားရေး တိုးတက်မှု နှေးသွားတယ်လို့ ကျွန်တော် ထင်တယ်။

ရန်ကုန်မြို့က လှိုင်သာယာတို့ဘာတို့လို နေရာတွေကို ရောက်ရှိလာကြတဲ့ လူတွေဟာ လစာတစ်ခုနဲ့ အလုပ် လုပ်နိုင်တယ်။ သူတို့က သင်ယူတာမြန်ပေမယ့် ဘဝတွေက သိသိသာသာ တိုးတက်မလာဘူး။ ဥပမာ အိမ်တစ်လုံး ဝယ်နိုင်လောက်တဲ့ ငွေကြေးရဖို့ သူတို့အတွက် သိပ်ခက်ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ တိုးတက်မှုတွေက လိုက်မလာခဲ့ပါဘူး။ ဒီလူတွေ ဒီအခြေအနေထက် ပိုကောင်းတာမျိုး ဖြစ်ခဲ့သင့်တာပေါ့။ ဒီပြဿနာ ရဲ့ အဖြေက ဘာလဲတော့ မသိပါဘူး။ ဒါပေမဲ့ ဒါဟာ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးမှုကို တကယ်ပဲ တားဆီး ထားခဲ့ပါတယ်။

အာဆီယံဒေသထဲက နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ လာအိုနဲ့အတူ အောက်ခြေအဆင့် မှာ ရှိနေတုန်းပါပဲ။ လာအိုဆိုတာ တကယ့် နိုင်ငံသေးသေးလေးပါ။ လူဦးရေလေး၊ ငါးသန်းလောက်ပဲ ရှိတယ်။ လုံးဝ နွမ်းပါးပြီး ပညာတတ် နည်းနည်းပဲရှိတဲ့ ကွန်မြူနစ် နိုင်ငံလေးပါ။ မြန်မာနိုင်ငံအနေနဲ့ ဘာနဲ့ပဲတိုင်းတိုင်း လာအိုထက် အများကြီး ပိုစွမ်းဆောင်နိုင်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်အတွင်း သည့်ထက်မက တိုးတက်မှုတွေ ရခဲ့သင့်ပါတယ်။ ဒါပေမယ့် ဖြစ်အောင်လုပ်နိုင်ခဲ့ပုံ မပေါ်ပါဘူး။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အသုံးချလိုက်တယ်လို့ ရေးခဲ့ဖူးတယ် မဟုတ်လား။ အဲဒါအ တွက် သူအနေနဲ့ ပေးဆပ်မှု တစ်စုံတစ်စုံ လုပ်ခဲ့ရလား။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် လိုချင်တာ ရလိုက်တယ်လို့ ထင်လား။

ဖြေ ။    ။ သူ့အတွက် အရှုံးမရှိဘူးလို့တော့ ထင်တယ်။ ပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဘယ်လို အသုံးချ ခံလိုက်ရတယ်၊ ဘာတွေ အလုပ်ဖြစ်သွားတယ်ဆိုတာကို မကြည့်ကြဘူးလေ။ သူ့အနေနဲ့ ဒီကိစ္စကို ပြည်သူ တွေကို ဖွင့်မပြောခဲ့တာက သူ့အတွက်လည်း ကောင်းပါတယ်။ ဒါကြောင့် သူကလည်း လူသိရှင်ကြား ထုတ်မပြောဘူး။ သူ့အနေနဲ့ လွှတ်တော်ထဲမှာ ရောက်ရှိသွားတာဟာ တစ်နည်းတစ်ဖုံအားဖြင့် ပိုကောင်းတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန် ရဲ့ လှပတဲ့ နိုင်ငံရေး အကွက်ရွှေ့မှုပါ။  သမ္မတအနေနဲ့ (ဒေါ်စု လွှတ်တော်ထဲ ရောက်ရုံဆို တော်ပြီလား)   ဆိုတာတော့ ကျွန်တော် မသိဘူး။

ဒီလောက်ပဲ လိုချင်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ သည့်ထက်မက လုပ်ဆောင် ခဲ့သင့်တာပေါ့။ ဒါပေမယ့် ဥပဒေ စိုးမိုးရေးဆိုတာ တကယ့်ကို ခက်ခဲ နက်နဲပါတယ်။ တရားစီရင်ရေး စနစ်ကတော့ မပြောင်းလဲသေးပါဘူး။

မေး ။    ။ မီဒီယာတွေ များပြားလာတာဟာရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုှအတွက် သိပ်ကို အားရစရာ ကောင်းတယ်လို့  မိန့်ခွန်းထဲမှာ ထည့်ပြော သွားတယ်နော်။

ဖြေ ။    ။ မြန်မာတွေ နိုင်ငံရေးကို ဒီလောက်ကြိုက်ကြ၊  နှစ်သက်ခုံမင်ကြတာကို ကျွန်တော်တော့ အားအရဆုံး ပဲ။ နိုင်ငံရေးဟာ ဒီလောက် ဆိုးရွားခဲ့တဲ့ကြားက ခုလို ဘာကြောင့် ဖြစ်နေကြသလဲ ဆိုတာတော့ မသိဘူး။ သူတို့ သတင်းစာတွေ၊ မီဒီယာတွေကို စိတ်ဝင်စားကြတယ်။  လမ်းပေါ်မှာ သတင်း စာဖတ်နေတဲ့သူတွေ၊ ရေဒီယို နားထောင် နေတဲ့ သူတွေကို တွေ့ဖူးမှာပါ။ ဒါကြောင့် ဖက်ဒရယ်စနစ်ပဲ ဖြစ်ဖြစ်၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီ ဖော်ဆောင်ရေးပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ မီဒီယာရပ်ဝန်း၊ မီဒီယာ အခန်းကဏ္ဍဟာ အလွန်အရေးပါတယ်လို့   ထင်ပါတယ်။

မေး ။    ။ ဒါပေမယ့် သာမန်ပြည်သူတွေကို စကားပြောကြည့်ပြန်တော့ သူတို့က ရွေးကောက်ပွဲကို စိတ်မဝင်စား ကြ ပြန်ဘူး။

ဖြေ ။    ။ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်မဝင်စားတော့တာနဲ့ ပတ်သက်လို့ ကျွန်တော် အပြစ်မတင်ချင်ပါဘူး။ ပြည်သူတွေဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ အပေါ်မှာ ယုံကြည်မှု ရှိဖို့ လိုအပ်တယ်။ ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်က မြန်မာပြည်သူတွေအတွက် ယုံကြည်မှု  ဖြစ်မလာဘူး။ ဒါကြောင့် သူတို့ ရွေးကောက်ပွဲတွေအပေါ်မှာ အရာအားလုံး ရဲ့အဖြေအဖြစ် ယုံကြည်ချက် နည်းသွားတာပါ။

ဒါဟာလည်း ကျော်လွှားရမယ့် အရာတစ်ခု ပဲပေါ့။ ဒီလိုဖြစ်ဖို့ ဆိုတာကလည်း ကောင်းမွန်တဲ့ ရွေးကောက်ပွဲ တစ်ခုရှိမှသာ ကျော်လွှားနိုင်မှာပါ။ ဒီတစ်ကြိမ်မှာတော့ ပြည်သူတွေ အများကြီး ပြင်ဆင် လုပ်ထားပြီးပြီ ထင်ပါတယ်။ Carter Center, IDEA, IFES အစရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပေးတဲ့ လေ့ကျင့်မှုတွေ၊ သင်တန်းတွေ၊ ပညာပေးမှုတွေ၊ လှုံ့ဆော်မှု တွေကြောင့် မြန်မာနိုင်ငံဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ဒီတစ်ကြိမ် ပြင်ဆင်ထားပြီးပြီလို့ ကျွန်တော် ရေးခဲ့ဖူး ပါတယ်။

ဒါမျိုးတွေ အရင်တုန်းက ရှိမှ မရှိခဲ့တာ။  ဒီအဖွဲ့အစည်းက လူတွေဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ် လောက်ကတည်းက ကြိုရောက်နေကြတာပါ။ အခုဆိုရင် ဒီမှာ အခြေကျနေပြီး နယ်မြေ အသီးသီးက ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ကွန်ရက်တစ်ခုကို ဖန်တီး လိုက်နိုင်ပါပြီ။ ဒါ အင်မတန်မှ ကောင်းပါတယ်။

ခုအချိန်မှာတော့  ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ဘယ်လို ထွက်လာမလဲဆိုတာ ထွေထွေထူးထူး အာမ မခံနိုင်သေးဘူး။ သာမန် ပြည်သူတွေအတွက် ရွေးကောက်ပွဲရလဒ်က သိပ်ကို စိတ်ပျက်လောက်စရာလည်း ဖြစ်သွား နိုင်ပါတယ်။

နောက်တစ်ချက်က ရွေးကောက်ပွဲမှာ NLD အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်ခဲ့ရင်တောင်မှ ကောင်းကောင်းမွန်မွန် မကိုင်တွယ် မလုပ်ဆောင်နိုင်ဘူး ဆိုရင်ရော၊ ဒါဖြင့် ရွေးကောက်ပွဲလုပ်ရတာ ဘာအတွက်လဲ၊ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ အနေနဲ့ ဒါဟာ ဖြတ်ကို ဖြတ်သန်းရမှာပါ။ ဒီလို မဖြစ်ဖို့ ခင်ဗျားတို့ လုပ်နိုင်တာ များများစားစား မရှိလှပါဘူး။ ပြည်သူတွေအနေနဲ့ အထူးသဖြင့် အခွန်ထမ်းပြည်သူတွေ ဟာ သူတို့ဖြစ်ချင်တာကို ပြောပြချင်ကြပါ တယ်။ ပြောခွင့်လည်း ရထိုက်ပါတယ်။  

ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ NLD က  ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံ မရဘူး၊ လူကြိုက်ကတော့ များနေတုန်းပဲလို့ ထင်ပါတယ်။ ဒါလည်း ပြဿနာ မဟုတ်ပါဘူးလို့ ထင်တယ်။ သူတို့အနေ နဲ့ အစိုးရတစ်ရပ် တကယ် မဖွဲ့နိုင် မလုပ်နိုင်သရွေ့ကတော့ (သူတို့ရဲ့ ပြင်ဆင်မှုကို) ကျွန်တော်တို့ မသိနိင်ပါဘူး။ ပြည်သူတွေရဲ့ လိုလားချက်တွေ အပေါ်မှာတော့ သူတို့က ပိုပြီး ငဲ့ကြည့်ကြမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags