ဘင်္ဂါလီများအတွက် Safe Zone ထူထောင်ပေးရန်သဘောတူသော သတင်းအတွက် တရုတ်သံရုံးငြင်းဆန်

ဘင်္ဂါလီများအတွက် Safe Zone ထူထောင်ပေးရန်သဘောတူသော သတင်းအတွက် တရုတ်သံရုံးငြင်းဆန်
ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ မတ် ၄ ။            ။ ရခိုင်ပြည်နယ်အတွင်း၌ ဘင်္ဂါလီများအတွက် လုံခြုံစိတ်ချရသည့်နေရာ Safe Zone  ထူထောင်ပေးရန် တရုတ် နိုင်ငံဘက်မှ သဘောတူညီသည်ဟု ဆိုသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံပြည်တွင်းမှာ Safe Zone ဟူသည်ကို ထူထောင်ရန် မထောက်ခံပါကြောင်း ကြေညာ အပ်ပါသည်” ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ရပ်တည်ချက်သည် တိတိကျကျ ရှိနေပြီး နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုဖြင့် ပြန်လည်ခေါ်ယူမှုအား ထောက်ခံအားပေးသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနမှ ရေးသားဖော်ပြချက်တွင် နေရပ်စွန့်ခွာသူ ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာ ဖော်ပြ) များအတွက် ဘေးကင်းလုံခြုံစိတ်ချစေရန် Safe Zone တစ်ခုအား ရခိုင်ပြည်နယ်အတွင်း၌ ထူထောင် ပေးရန် တရုတ်နိုင်ငံမှ သဘောတူညီကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ၌ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ဘင်္ဂါလီ အမြောက် အမြားသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဝိုင်းဝန်းဖိအားပေးမှုများ ရှိနေခဲ့ပြီး နေရပ်စွန့်ခွာသူ များအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်နေမှုများ ရှိနေခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly