ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း(၁)

By မျိုးသန့်(မဇ္စျိမ)
04 March 2019
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း(၁)

မင်္ဂလာပါ မဇ္ဈိမပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Mizzima Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား။   တွေ့ဆုံမေးမြန်းမယ့် သူကတော့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကို တည်ထောင်သူဖြစ်တဲ့ သူရဦးရွှေမန်းဖြစ်ပါတယ်ခင်ဗျား။

ဒီဆွေးနွေးခန်းမှာတော့ ဖက်ဒရယ်ကို ဘာ့ကြောင့် အရှေ့မှာထားရတာလည်း၊ ဘယ်လိုမျိုး ကောင်းကျိုးတွေရှိသလဲ၊  ဖက်ဒရယ်က ဘယ်လိုနိုင်ငံမျိုးလဲ၊ ဘယ်လောက် အာမခံပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးထားတာ ဖြစ်ပါတယ်။

မေး။ ။ ပါတီစပြီးတော့ ထူထောင်တဲ့ရက်မှာ ပြည်သူတို့ တင်ပြချက် ၆ချက်ကို ကျွန်တော်တို့ လေ့လာတွေ့ရှိရပါတယ်၊ အဲ့ဒီမှာဆိုရင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဆိုပြီးတော့မှ ပါပါတယ်ခင်ဗျား။ တစ်ချို့တွေကျတော့လည်း ဒီမိုကရေစီ ဖက်ဒရယ်ဆိုပြီးတော့ သုံးကြတာဖြစ်ပါတယ်၊ သုံးခဲ့တာကိုတွေ့ပါတယ်။ အဲ့ဒီတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဆိုပြီးတော့မှ ဖက်ဒရယ်ကို ဘာကြောင့်များ အရှေ့မှာထားပြီးတော့ သုံးရတာလဲ၊ အဲ့ဒါလေးကို ပြောပြစေလိုပါတယ်။

ဖြေ။ ။ ဒီလို ကိုမျိုးသန့်ရဲ့ ဖက်ဒရယ်ကို ကြိုက်တယ်ဗျ၊ ပြီးတဲ့အခါမှာပဲ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာက အင်္ဂလိပ်လို အဓိပ္ပါယ်ဆိုရင် ဖက်ဒရယ်ဆိုတာက ဗဟိုအစိုးရနဲ့ ပြည်နယ်နဲ့ ဒေသအစိုးရ များကြား အာဏာကို ခွဲဝေကန့်သတ် ကျင့်သုံးသော ဆိုတဲ့အဓိပ္ပါယ်ရတယ်၊ ဒီမိုကရေစီဆိုတာကတော့ ဒီမိုကရေစီစနစ်လို့ပဲ အကြမ်းဖျဉ်းပြောလို့ရတယ်၊ ဒါကြောင့်မို့လို့ အင်္ဂလိပ်လိုအရေးအသားမှာရော မိမိရဲ့ ဖက်ဒရယ်ကိုကြိုက်တဲ့ အနေအထားမှာရော ဒါကြောင့်မို့လို့ ဖက်ဒရယ် ဒီမိုကရေစီကို သုံးဆွဲခြင်းဖြစ်ပါတယ်။

မေး။ ။ ဖက်ဒရယ်ကို ကြိုက်နှစ်သက်တယ်ဆိုတော့ ဖက်ဒရယ်ကို ဘာကြောင့်များ ကြိုက်နှစ်သက်ရတာလဲ။ သူ့မှာကောင်းကျိုး ကောင်းကွက်က ဘာများရှိပါသလဲခင်ဗျား။

ဖြေ။ ။ ဖက်ဒရယ်မှာ ပြည်ထောင်စုအတွက် များစွာကောင်းကျိုးပေးနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ အဲ့ဒီတော့ ဖက်ဒရယ်ဆိုတဲ့စကားကို မိမိတို့မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁ဝနှစ် ကျော်လောက်တုန်းက ဒီစကားကို ကောင်းကောင်းသုံးရဲနိုင်တဲ့ အနေအထားမရှိပါဘူး၊ ပြီးလို့ရှိရင် တစ်ချို့ တစ်ချို့သော သူများက ဖက်ဒရယ်ဆိုတာက ခွဲထွက်ရေး၊ ခွဲထွက်ရေးဆိုတဲ့ အဓိပ္ပါယ်လို့ နားလည်ကြတယ်၊ တကယ်တမ်းကျတော့ ဖက်ဒရယ်ဆိုတာက ပေါင်းစည်းနေထိုင်ခြင်းပဲ ဖြစ်တယ်၊ ပေါင်းစည်းနေထိုင်ခြင်း ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ခွဲထွက်ခြင်းဆိုတာ ဖက်ဒရယ်မှာ မပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံလို တိုင်းရင်းလူမျိုးနွယ်စု ၁၀၀ ကျော်ရှိတဲ့ နိုင်ငံမှာ ပေါင်းစည်းနေထိုင်ပြီးတော့ ပြည်ထောင်စုရဲ့ ကောင်းကျိုး ဆောင်ရွက်ဖို့ ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီ ပုံစံမျိုးနဲ့ ဆောင်ရွက်မှသာ ဖြစ်နိုင်တဲ့ သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ကို စနစ်တကျ ထူထောင်မယ်ဆိုလို့ရှိရင် ခုနကပြောတဲ့ ဒီမိုကရေစီ စနစ်ကိုလည်း ဖော်ဆောင်ရာရောက်မှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဒီဖက်ဒရယ်ပြည်ထောင်စု ဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကောင်းကျိုး ချမ်းသာများ များစွာရရှိမယ်လို့ ယုံကြည်တဲ့အတွက် ဒီလိုပဲ ပြောဆိုသုံးနှုန်းခြင်းဖြစ်ပါတယ်။

မေး။ ။ ခုနပြောသွားတဲ့အထဲမှာပါပါတယ်။ ဖက်ဒရယ်က ဗဟိုနဲ့ ပြည်နယ်အစိုးရ၊ တိုင်းအစိုးရတွေကြား အာဏာခွဲဝေရေးဆိုပြီးတော့မှ ပါပါတယ်၊ အဲ့ဒီတော့ ကျွန်တော်တို့ ဒီဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဆိုပြီးတော့ပေါ့နော် တကယ့်တကယ်ကျတော့ ကျွန်တော်တို့ မြင်သာအောင်ပြောမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးဖြစ်မလဲ ခင်ဗျား။

ဖြေ။ ။ ဖက်ဒရယ်ကို မြင်သာအောင် ပြောမယ်ဆိုရင်တော့ တစ်နိုင်ငံမကဘူး လောလောဆယ် ပြောစရာရှိပါတယ်။( ၁) ကတော့ အမေရိကန်ပြည်ထောင်စု၊ (၂)ကတော့ ကနေဒါနိုင်ငံ၊ (၃) ကတော့ ဥရောပမှာ ဒီနေ့ရှိနေကြတဲ့ ဆွစ်ဇလန်နိုင်ငံ၊ ဂျာမနီနိုင်ငံများဟာ ဖက်ဒရယ် စနစ်ကို လက်တွေ့ကျကျ  ထူထောင်ထားတဲ့နိုင်ငံပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ခုနက ဖော်ပြသွားတဲ့ နိုင်ငံတွေကို လေ့လာကြည့်မယ်ဆိုရင် နိုင်ငံတွေရဲ့ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို တွေ့ရနိုင်ပါတယ် ။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ကို စနစ်တကျထူထောင်ပြီးတော့ ဖက်ဒရယ်ရဲ့ အခွင့်အရေးကို သက်ဆိုင်သူများ အမှန်တကယ်ရအောင်လုပ်ပေးမယ်ဆိုရင် အဲ့ဒီလိုနိုင်ငံမျိုးတွေဟာ တိုးတက်မယ် ဆိုတာ မြေကြီးလက်ခတ် မလွဲပဲဖြစ်ပါတယ်။

မေး။ ။ ဖက်ဒရယ်နိုင်ငံရဲ့ကောင်းကျိုးပေါ့နော်၊ ကောင်းကွက်တွေကို ပြောခဲ့တာရှိပါတယ်။ အဲ့ဒီတော့ နောက်ထပ်တစ်ခုပေါ့နော်၊ ပြည်သူလူထုသို့ တင်ပြချက်ထဲမှာ အင်မတန်မှ အရေးပါတဲ့အချက်ကို   ရှေ့တင်ထားတဲ့အထဲမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဆိုတော့ အဲ့ဒီတော့   ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေး၊ မျှော်မှန်းချက်၊မျှော်လင့်ချက် ဘာကြောင့်ထူထောင်လိုတယ် ဆိုတဲ့ဟာလေးကို ထပ်ဖြည့်ပြီးတော့ ပြောပေးစေလိုပါတယ်။

ဖြေ။ ။ ဟုတ်ပါပြီ၊ ခုနက တိတိကျကျနဲ့ တိုတိုနဲ့ပြောရမယ်ဆို မိမိတို့လို မြန်မာနိုင်ငံမှာဆိုရင်တော့ ဖက်ဒရယ်နိုင်ငံ၊ သို့မဟုတ်လို့ရှိရင် ပြည်ထောင်စုစနစ် နိုင်ငံကို ထူထောင်မှာသာလျှင် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒီစနစ်နဲ့ ထူထောင်ဖို့ပဲ ဖြစ်တယ်လို့ ထပ်လောင်း ဖြေကြားလိုပါတယ်။

မေး။ ။ ဖက်ဒရယ်လို့ ပြောလိုက်လို့ရှိရင် ကျွန်တော်တို့ လေ့လာမိသလောက်ပေါ့နော် ၊ တိုင်းရင်းသားခေါင်းဆောင်တွေ မကြာခဏပြောလေ့ရှိပါတယ်။ ဘာတွေပြောလဲဆိုတော့ ဒီတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေါ့နော်။ ဒါက ဖက်ဒရယ်အနစ်သာရလို့ ဆိုကြပါတယ်၊ အဲ့ဒီတော့ ကျွန်တော်တို့ ဒီတိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ပါတီတကယ်ဖြစ်လာပြီ ဆိုလို့ရှိရင် ဘယ်လောက်ထိ အာမခံချက်ပေးနိုင်မလဲ၊ ဘယ်လောက်ထိ လုပ်ပေးလို့ရနိုင်မလဲ။

ဖြေ။ ။ ပါတီဖြစ်ပေါ်လာပြီးနောက်ပိုင်း ဘယ်လောက်ထိ အာမခံပေးနိုင်မလဲဆိုရင်တော့ ပါတီတစ်ရပ်အနေနဲ့တော့ ဘယ်လောက်ထိအာမခံပေးရမယ်ဆို ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်၊ ဒီကိစ္စဟာ မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူများအားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု က အရေးကြီးပါတယ်။ ဒါကြောင့် မိမိတို့ပါတီအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံဖြစ်လာဖို့အတွက် ပါတီအနေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေလို့ ပြောတဲ့အခါမှာ ဒီနေ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူများရော၊ ကမ္ဘာမှာရှိတဲ့ ပြည်သူများ၊ တိုင်းရင်းသားဆိုတဲ့နေရာမှာ ကချင်ကစပြီးတော့ အစဉ်လိုက် ကရင်၊ ကယား၊ ချင်း၊ မွန် ၊ မြန်မာပါ ပါတယ်၊ မြန်မာမဟုတ်ပါဘူး တကယ်တမ်း ကျတော့ ဗမာပါ။ ဗမာတွေလည်း တိုင်းရင်းသားပါ။ ဒါကြောင့်မို့လို့ ဗမာသည်လည်း တိုင်းရင်းတစ်မျိုး အနေနဲ့ ပြည်ထောင်စုမှာ ဝင်ပြီးတော့ ပါဝင်ဖို့လိုပါတယ်။ ဒါကြောင့် အဲ့ဒီနည်းတူပဲ အခြား တိုင်းရင်းသားတွေကလည်း ခုနက အားလုံးပါဝင်ရမယ် ဆိုတဲ့အဓိပ္ပါယ် အလိုအလျှောက် ပါပြီးသားဖြစ်ပါတယ်။

မေး။ ။ ဗမာဆိုပြီးတော့မှ ပြောတဲ့အခါကျတော့ တိုင်းရင်းသား ၈ မျိုးပေါ့နော်။ ဗမာအပါအဝင် ဆိုတော့ ကျွန်တော်တို့ တစ်ချို့အယူအဆတွေလည်း ရှိပါတယ်၊ ဗမာပြည်နယ် ဒါမှမဟုတ် တိုင်းပေါ့ ၊ သပ်သပ် လုပ်ဖို့ဆိုပြီးတော့ အယူအဆတွေရှိပါတယ်၊ အဲ့ဒီအပေါ်မှာ သဘောထားဘယ်လိုရှိပါသလဲ ခင်ဗျား။

ဖြေ။ ။ ဒီမေးခွန်းက အင်မတန်လည်းကောင်းပါတယ်၊ ပြီးတဲ့အခါမှာ တကယ်လည်း အရေးကြီးတဲ့ကိစ္စ တစ်ခုပါ၊ အဲ့ဒီတော့ ဒီနေ့ မြန်မာနိုင်ငံမှာ ပြည်နယ် ( ၇ )ခုရှိတယ်၊ တိုင်းဒေသကြီး ( ၇ )ခုရှိတယ်၊ ပြည်နယ် ၇ ခုရှိတဲ့ နေရာမှာ ဆိုကြပါစို့။ ဒီနေ့ခေါ်နေတဲ့ ကချင်ပြည်နယ်၊ ကချင်ပြည်နယ်မှာ ဘယ်သူတွေနေလဲ ဆိုရင် တိုင်းရင်းသားမျိုးစုံနေတယ်။ ကချင်လည်းရှိတာပဲ၊ မြန်မာလည်း ရှိတာပဲ ရှမ်းလည်းရှိတာပဲ စသဖြင့်ပေါ့လေ။ ဒါကြောင့်မို့လို့ ပြည်နယ်တစ်ခုချင်း တစ်ခုချင်းမှာ တိုင်းရင်းသားမျိုးနွယ် တစ်စုတည်းနေတာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ အခြားတိုင်းရင်းသားတွေ အများကြီးနေပါတယ်၊ အဲ့ဒီအထဲမယ် ရှမ်းပြည်နယ်မှာ ဆိုလို့ရှိရင်လည်း တိုင်းရင်းသားတွေ အများစုနေပါတယ်၊ ဒါကြောင့်မို့လို့ ဒီနေ့ ပြည်ထောင်စု ဆိုတဲ့ သဘောဟာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေနဲ့ မကဘဲနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာလည်း တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတာရှိပါတယ်၊ ဒါကြောင့်မို့လို့ ခုနပြောတဲ့ ဗမာ။ ပြီးတဲ့အခါမှာ ခုနမပြောသေးတဲ့ ကချင်၊ ချင်း၊ ကရင်စသဖြင့် တိုင်းရင်းသားတွေလည်းရှိတယ် ဒါကြောင့်မို့လို့ ဒီတိုင်းရင်းသားများဟာ နိုင်ငံအနှံ့၊ ပြည်နယ်အနှံ့ ၊ တိုင်းဒေသကြီးအနှံ့မှာ နေတဲ့အတွက် ခုနက လူမျိုးပေါ်အခြေခံ စဉ်းစားမယ်ဆိုလို့ရှိရင် အင်မတန်မှ ရူပ်ထွေးပြီးတော့ ဒုက္ခတွေပိုပြီးတော့ များသွားနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ တော်တော်များများသောနိုင်ငံတွေမှာတော့ လူမျိုးပေါ်အခြေခံစဉ်းစားတာထက် ဒေသကိုအခြေခံစဉ်းစားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာပြည်မှာ ခုနက တိုင်းရင်းသားမျိုးနွယ်စ၊ု ခုနပြောတဲ့ ၈ မျိုးလို့ ပြောပြီး၊ ထပ်ခွဲမယ်ဆိုရင် အများကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း ခုနက ဒီလိုလူမျိုးပေါ်အခြေခံစဉ်းစားတာနဲ့ ဒေသကို အခြေခံစဉ်းစားတာက ပိုသင့်မြတ်ပြီးတော့ ပြည်ထောင်စုစနစ်ကို ပိုဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့  ကိုယ်ဖြေတာ ကျေနပ်လောက်ပြီထင်ပါတယ်။

မေး။ ။ ကျွန်တော်တို့ နိုင်ငံဟာဆိုလို့ရှိရင် တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ပေါ့နော်။ အဲ့ဒီအခါကျတော့ ဖက်ဒရယ်လို့ ပြောလိုက်လို့ရှိရင်လည်း တိုင်းရင်းသားရေးရာမပါလို့ မဖြစ်ဘူးပေါ့နော်၊ ကျွန်တော်တို့ လေ့လာမိသလောက် ဗိုလ်ချုပ်အောင်ဆန်းတို့ စဉ်းစားခဲ့တာဆိုလို့ရှိရင်၊ လွတ်လပ်ရေးရလို့ရှိရင် ရှမ်းကို သမ္မတနေရာပေါ့လေ၊ ကရင်ကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာပေးမယ် ဆိုတာ လျာထား သတ်မှတ်ခဲ့တာရှိတယ်ပေါ့လေ။ အဲ့ဒီတော့ ပါတီရဲ့ ပြည်သူလူထုတင်ပြချက်မှာလည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဆိုတဲ့အခါကျတော့ ဒီတိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ ပါတီကမူဝါဒလေး နဲနဲလေးပြောပြစေလိုပါတယ် ခင်ဗျား။

ဖြေ။ ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ ပါတီရဲ့ မူဝါဒဖြစ်လာမှာ၊ တိုင်းရင်းသားကို ဦးစားပေးတယ်၊ အဲ့ဒီအတိုင်းပဲ တိုင်းရင်းသားတွေရဲ့ ပါတီလည်း အလေးထားတယ်၊ ပြီးရင် ပြည်ထောင်စုလို့ ပြောတဲ့အခါမှာ တိုင်းရင်းသားတွေမပါဘဲနဲ့ မဖြစ်ဘူး၊ အဲ့ဒီအထဲမယ် ပြည်ထောင်စုလို့ ပြောတဲ့အခါမှာ တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ စုပေါင်းနေထိုင်ကြတဲ့ ဒေသတွေလည်း မျက်ကွယ်ပြုလို့မရဘူး။ ဒီအပေါ်ကိုစဉ်းစားရမယ်၊ အဲ့ဒီ့မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်တုန်းက ရှမ်းကို သမ္မတပေးတဲ့အခါမှာ ကရင်ကို ကာကွယ်ရေးဦးစီးချုပ်စတဲ့ဖြင့်တွေဟာ ဟိုတုန်းက ဟိုအခြေအနေက စဉ်းစားခဲ့တာ။ ဟိုအခြေအနေက မှန်ချင်မှန်ပေမယ့် ဒီနေ့ အဲ့ဒီအခြေအနေမျိုး စဉ်းစားလို့မရနိုင်ဘူး။ ပြီးတဲ့အခါမှာ ခုန ဘယ်သူ့ကို ဘယ်ရာထူး ဘယ်တာဝန်မှာခန့်မယ် ဆိုတာက ပါတီရဲ့သဘောထားထက် ပြည်သူများရဲ့ သဘောထားက ပိုပြီးတော့ လေးစားရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ရှိကြတဲ့ ပြည်သူများရဲ့ သဘောထားနဲ့ ဒီနေ့ ဖြစ်ပေါ်နေတဲ့ တိုင်းပြည် အခြေအနေပေါ်မူတည်ပြီးတော့ မည်သူက မည်သည့်တာဝန်၊ မည်သည့်တိုင်းရင်းသားက မည်သည့်တာဝန်ဆိုတာကတော့ ဒီနေ့ရှိနေကြတဲ့ ပြည်ထောင်စုသားများရဲ့ အဆုံးအဖြတ်ပဲ ဖြစ်တယ်လို့ပဲ ဖြေချင်ပါတယ်။   ။

( ဆက်ရန် )

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly