ဘဝလုံခြုံမှုအတွက် ဆိုကာ မြောက်ဦးကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၉၀ နီးပါး နုတ်ထွက်စာတင်

ဘဝလုံခြုံမှုအတွက် ဆိုကာ မြောက်ဦးကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၉၀ နီးပါး နုတ်ထွက်စာတင်

ရန်ကုန်၊ မတ် ၁ ။             ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၈၉ ဦးသည် ယနေ့ (မတ် ၁ရက်) နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ နုတ်ထွက်စာတင်ခဲ့ကြောင်း မြောက်ဦးမဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းသာစိန်က မဇ္စျိမသို့အတည်ပြုပြောသည်။

“ နုတ်ထွက်စာတင်တာ ၈၉ ဦးပါ။ အဲ့တာက သူတို့ဘဝလုံခြုံမှုမရှိလို့ပေါ့ အဲ့လိုပြောတယ်” ဟု၄င်းကဆိုသည်။

မြောက်ဦးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀ ကျော်ခန့်ရှိသည့်အနက် ၉၀ ရာခိုင်နူန်းနီးပါး ယခုလို နုတ်ထွက်စာတင်ခဲ့ခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးလေးဦးကို AA အဖွဲ့နှင့် အဆက် အသွယ်ရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မတရားအသင်း နှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ထားသည့်ကိစ္စဖြစ်ခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ယခုလို နုတ်ထွက်စာတင် ခဲ့ခြင်းလည်းဖြစ်သည်။

ရန်အောင်ပြင်ကျေးရွာမှ ဦးစိန်လှမောင်၊ ပြိုင်းချကျေးရွာမှ ဦးမောင်ဦးစိန်၊ ပေါက်ပင်ကွင်းကျေးရွာမှ ဦးမောင်တင်ရွှေ နှင့် ကျောက်ဆည်ပြင်ကျေးရွာမှ ဦးအောင်နိုင်ထွန်းတို့အား ဖေဖော်ဝါရီ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ လစဉ် အစည်းအဝေးပြုလုပ် နေချိန်တွင် စစ်ဆေးမေးမြန်းရန် မြို့နယ်ရဲတပ်ဖွဲ့က လာရောက် ခေါ်ဆောင်သွားခြင်းလည်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း၌  ရက္ခိုင့်တပ် AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများသည် အစိုးရဘက်မှ စစ်ဆေးခြင်းကို ခံရသလို AA ဘက်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုလည်း ခံနေရသည်။

ပဋိပက္ခတိုက်ပွဲများဖြစ်ပွားရာ ဒေသများရှိ ဒေသခံပြည်သူများသည် မတရားအသင်း နှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁) ဖြင့် မကြာခဏဆိုသလိုတရားစွဲခံနေရခြင်းများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly