အစိုးရ ဌာနများတွင် ပြည်ထောင်စုဖောင့် ပြောင်းလဲအသုံးပြုကြရန် အတိုင်ပင်ခံ တိုက်တွန်း

အစိုးရ ဌာနများတွင် ပြည်ထောင်စုဖောင့် ပြောင်းလဲအသုံးပြုကြရန် အတိုင်ပင်ခံ တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။          ။     e-Government ဖော်ဆောင်ရေးတွင် အစိုးရ၏ဝန်ဆောင်မှုများကို ပြည်သူအားလုံးသိရှိ နားလည်စေရန် အတွက် အစိုးရဌာနများတွင် လက်ရှိအသုံးပြုနေသည့် Unicode ဟုခေါ်ဆိုနေကြသည့် (Myanmar 3) ဖောင့်အစား ပြည်ထောင်စုဖောင့် (PyiDaungSu Font) ကိုပြောင်းလဲအသုံး ပြုကြရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယကလည်းဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ပျူတာသုံး မြန်မာဘာသာစကား စနစ်ကို ပြုပြင်ရန် လိုအပ်ပါ ကြောင်း၊ ယခုအသုံးပြုနေသည့် Myanmar-3 Font ကိုမသုံးဘဲ International Standard Organization 10646 နှင့်ပိုမိုကိုက်ညီသည့် PyiDaungSu Font စနစ်နှင့် Keyboard ကိုအသုံးပြုရန် ဦးတည်ရမည်ဖြစ်ပါကြောင်း” ၄င်းကပြောဆိုခဲ့သည်။

Pyidaugsu Font သည် ယူနီကုဒ်စနစ်ကို အခြေခံပြီး  Myanmar3 ကို အဆင့်မြှင့်ထားသည့် ဖောင့်လည်း ဖြစ်သည်။ ထို့အပြင် လက်ရှိအစိုးရဌာနများတွင်အသုံးပြုနေသည့် Myanamar 3 ဖောင့်တွင် မပါဝင်သေးသည့် ဗမာ၊ သက္ကတ/ပါဠိ၊ မွန်၊ ရှမ်း၊ စကောကရင်၊ ပိုးကရင်(အနောက်ပိုင်း)၊ ပိုးကရင် (အရှေ့ပိုင်း)၊ ပအိုဝ်း၊ ကယား၊ အရှိုချင်း၊ ပလေးပလောင်၊ ရူမာည်းတအောင်း၊ ခန္တီးရှမ်း၊ Aiton & Phake၊ တိုင်းလျမ် (ခေါ်) ရှမ်းနီ၊ ရွှေပလောင် အစရှိသည့်တိုင်းရင်းသားဘာသာစကား ၁၆ မျိုးပါရှိသည်ဟုလည်း သိရသည်။

၄င်း ပြည်ထောင်စုဖောင့်သည် Window အနိမ့်၊ အမြင့်အလိုက် ခွဲခြားကာထည့်သွင်းရသည်ဖြစ်ပြီး Myanmar 3 ဖောင့်နှင့် စာရိုက်ရသည့်လက်ကွက်ချင်း တူညီမည်ဟုလည်း သိရသည်။

အဆိုပါဖောင့်ကို လက်ရှိအချိန်တွင် မိမိအသုံးပြုနေသည့် စက်ပစ္စည်းနှင့် Software အနိမ့်၊ အမြင့်အပေါ် မူတည်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်း (MCF) ၏ ဝက်ဆိုက် စာမျက်နှာဖြစ်သည့် http://mcf.org.mm တွင်ဝင်ရောက် Download ရယူအသုံးပြုနိုင်ကြောင်းလည်း အစိုးရဘက်ကပြောဆိုထားသည်။

သို့သော်မြန်မာနိုင်ငံ၏ ကွန်ပျူတာအသုံးပြုသူများနှင့် ဖုန်းအသုံးပြုသူအများစုမှာ Zawgyi Font ကိုသာ အသုံးပြုနေကြခြင်းဖြစ်ပြီး Myanmar 3 ဖောင့်ဖြင့်ပင် ရင်းနှီးသူ အနည်းငယ်သာရှိသေးသည်ကိုလည်း တွေ့ရသည်။

အဆိုပါ e-Government ဖော်ဆောင်ရေးအစည်းအဝေးတွင် နိုင်ငံတော်အဖွဲ့အစည်းများအတွက် စံသတ်မှတ်မည့် ဖောင့်ကိစ္စအပြင် Domain Name နှင့် e-mail လိပ်စာ သတ်မှတ်နိုင်ရေးကိစ္စတို့ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်ဟုလည်း အတိုင်ပင်ခံရုံးမှထုတ်ပြန်ထားသည်။

ထို့အပြင် Data ID Card System (အီလက်ထရောနစ်မှတ်ပုံတင်စနစ်)  ၊ Digital Government Strategy (ဒီဂျစ်တယ်အစိုးရမဟာဗျူဟာ) နှင့် e-Government System ထူထောင်ရန် တို့ကိုလည်းဆွေး နွေးခဲ့ကြကြောင်းလည်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly