မတ်လကုန်မှစတင်ကာ ဒေဝူးမော်တော်ယာဉ်များကို ပြည်တွင်း၌ ထုတ်လုပ်မည်

မတ်လကုန်မှစတင်ကာ ဒေဝူးမော်တော်ယာဉ်များကို ပြည်တွင်း၌ ထုတ်လုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။            ။ ပြည်တွင်း၌ ဒေဝူးမော်တော်ယာဉ်များကို မတ်လကုန်မှစတင်ကာ ထုတ်လုပ်သွားရန်စီစဉ်နေပြီး တစ်နှစ်လျှင် အစီးရေ ၅၀၀ ထုတ်လုပ်သွားမည်ဟု Daewoo Bus Myanmar ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ကျော်ကျော်အောင် ကပြောသည်။

 "ကျွန်တော်တို့ Pilot Production ကိုတော့ မတ်လအကုန်မှာစပြီးတော့ ထုတ်လုပ်မှာဖြစ်ပါတယ်။ ထုတ်လုပ်တာက စက်ရုံရဲ့ Capacity ကတော့ တစ်နှစ်ကို အစီး ၅ဝဝပါ။ ထုတ်လုပ်တဲ့ ပုံစံကတော့ complete knock-down (CKD) အဆင့်နီးပါးကို ဒီမှာထုတ်လုပ်တပ်ဆင်မှာ ဖြစ်ပါတယ်" ဟု ဒေါက်တာကျော်ကျော်အောင် ကပြောသည်။

မီနီဘတ်စ်၊ စီးတီးဘတ်စ်များကို မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရောင်းချမည့် Daewoo Bus Myanmarမှ ဖေဖော်ဝါရီ ၂၈ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် အကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲ ပြောခဲ့ခြင်းဖြစ်သည်။

 ပြည်တွင်း၌ စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုအားနည်းနေသည့် အချိန်တွင်ပြည်ပမှ စက်ပစ္စည်းအစိတ်အပိုင်းများကို မှာယူ တင်သွင်းထုတ်လုပ်သွားမည်ဖြစ်ပြီး အဆင်သင့်ရှိသည့် ဘက်ထရီ၊ မှန်၊ ကားဘော်ဒီဆေးစသော အစိတ်အပိုင်း များကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

 ယခုကဲသို့ ပြည်တွင်း၌ ဒေဝူးမော်တော်ယာဉ်များကို တပ်ဆင်ထုတ်လုပ်ရာတွင် ဒေဝူးကုမ္ပဏီမှ ၂၅ရာခိုင်နှုန်းနှင့် မြန်မာကုမ္ပဏီမှ ၇၅ရာခိုင်နှုန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ရမီလီယံမှ ၁ဝမီလီယံ ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

"ကျွန်တော်တို့က စျေးကွက်အနေအထားနဲ့ပြောရမယ်ဆိုရင် မော်ဒယ်နှစ်မျိုးကို အခုလောလောဆယ်မှာ ရွေး ချယ်ထားပါတယ်။ တစ်မျိုးကတော့ စီးတီးဘတ်စ်မော်ဒယ်ပါ။ စီးတီးဘတ်စ်ကတော့ လက်ရှိရန်ကုန်မှာ YBS တွေက စီးတီးဘတ်စ်တွေကို အများဆုံးသုံးကြတယ်။ အဲဒီနေရာမှာ ဝယ်လိုအားရှိတယ်။ ရန်ကုန်နဲ့ တစ်ခြားမြို့ နယ်လေးတွေကို ဆက်သွယ်တဲ့နေရာတွေမှာလည်း လိုအပ်ချက်တွေရှိပါတယ်။ မီနီဘတ်စ်ကတော့ School Bus တွေလိုအပ်ချက်ရှိတယ်။ နောက်ပြီး ဖယ်ရီနဲ့ ခရီးသွားလုပ်ငန်းတွေမှာ သုံးလို့ရတယ်" ဟု ဒေါက်တာ ကျော်ကျော်အောင် ကပြောသည်။

အဆိုပါ မော်တော်ယာဉ်များကို ဘဏ်များနှင့်ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်အောင် လုပ်ဆောင် ထားပြီး အများဆုံး ၅နှစ် အရစ်ကျ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း မီနီဘတ်စ်တစ်စီး၏ စျေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၄သောင်းခွဲဝန်းကျင်နှင့် စီးတီး ဘတ်စ်မှာ အမေရိကန်ဒေါ်လာ ၈သောင်းခွဲဝန်းကျင် ရှိကြောင်း သိရသည်။

 မြန်မာနိုင်ငံတွင် Daewoo Bus Myanmar ကုမ္ပဏီကို ၂၀၁ရခုနှစ် မတ်လက စတင်တည်ထောင်ခဲ့ပြီး မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်တွင် စက်မှုဝန်ကြီးဌာနပိုင် ၁၄ဧက ကျယ်ဝန်းသည့်မြေကို နှစ်ရှည်ငှားရမ်းကာ စက်ရုံသစ် ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly