‘ကျနော်တို့မှာ မက်ဆီအပြင် တခြားကစားတွေလည်း ဂိုးသွင်းယူနိုင်တယ်’ - ဘာကာနည်းပြ ဗယ်လ်ဗာဒီ

‘ကျနော်တို့မှာ မက်ဆီအပြင် တခြားကစားတွေလည်း ဂိုးသွင်းယူနိုင်တယ်’ - ဘာကာနည်းပြ ဗယ်လ်ဗာဒီ
Photos: AFP & EPA

ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက "ကျနော်တို့မှာ မက်ဆီအပြင် တခြားကစားသမားတွေကလည်း ဂိုးသွင်းယူနိုင်ပါတယ်လို့"  ဆွာရက်ဇ်ရဲ့ သွင်းဂိုးတွေနဲ့ ရီးယဲလ်မက်ဒရစ်ကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောသွားပါတယ်။

ဘာနေဗျူးမှာ ရီးယဲလ်အသင်းက ခြေစွမ်းပိုမိုကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပေးဂိုး ၃ ဂိုး ခွင့်ပြုလိုက်ရတာကြောင့် ဘာကာကို ၃-၀ ဂိုးပြတ်နဲ့ ရှုံးနိမ့်ရပါတယ်။ ဒါကြောင့် ဘာကာတို့က နှစ်ကျော့ပေါင်း ၄-၁ ဂိုးရလဒ်နဲ့ ဗိုလ်လုပွဲကို ၆ ကြိမ်ဆက်တက်ပြီး ၅ ကြိမ်ဆက် ဖလားရယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဒီအယ်လ်ကလက်စီကို (El Clasico)ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့တဲ့ ဆွာရက်ဇ်ဟာ အခုဆိုရင် ရီးယဲလ်အသင်းနဲ့ တွေ့ဆုံတဲ့ ၁၃ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားပါတယ်။

"ကျနော်တို့မှာ မက်ဆီအပြင် တခြားကစားသမားတွေကလည်း ဂိုးတွေ သွင်းယူနိုင်ပါတယ်။"လို့ ဘာကနည်းပြ ဗယ်လ်ဗာဒီက ပြောပါတယ်။

"လူးဝစ်ဆွာရက်ဇ်က အဲဒီထဲက တစ်ယောက်ပါ။ လူးဝစ်ရဲ့ သွင်းဂိုးမှတ်တမ်းတွေက မယုံနိုင်လောက်အောင်ဖြစ်သလို ဘာကာရဲ့ သမိုင်းမှာ ဂိုးသွင်းစံချိန်မှတ်တမ်းတင်ထားနိုင်သူလည်းဖြစ်ပါတယ်။"

ဘာကာအသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာက နူးကမ့်မှာ ရီးယဲလ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိထားပြီး လာမယ့် စနေနေ့မှာတော့ လာလီဂါပွဲစဉ်ဒုတိယအကျော့အနေနဲ့ ဘာနေဗျူးမှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီရာသီ ဒီကလပ်နှစ်သင်းရဲ့ ၃ ပွဲတွေ့ဆုံမှုမှာ ဘာကာက ၉-၂ ဂိုး ရလဒ်နဲ့ ရီးယဲလ်ကို အသာစီး ရယူထားပါတယ်။

"ကျနော်တို့ဟာ ဗိုလ်လုပွဲအထိ ကစားချင်ခဲ့ပါတယ်။ ကျနော်တို့ ဝမ်းနည်းတဲ့ အရာက ဒီရလဒ်ကို လက်ခံဖို့အတွက် အတော့်ကို ခက်ခဲလို့ပါ။ ကျနော်တို့ လုပ်နိုင်တဲ့ အရာအားလုံးကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။ သူတို့ကတော့ ရယူနိုင်ခဲ့ပါတယ်။"လို့ ရီးယဲလ်နည်းပြ ဆိုလာရီက ပြောပါတယ်။

အသက် ၁၈ နှစ်သာရှိသေးတဲ့ လူငယ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဒီပွဲတစ်ပွဲလုံးမှာ ဂိုးသွင်းခွင့် ၅၊ ၆ ကြိမ်လောက်အထိ ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းမှုက ရီးယဲလ်အသင်းကို နစ်နာခဲ့ပါတယ်။ ဒါ့အပြင် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကလည်း ဗင်နီစီယပ်စ် ဖန်တီးပေးတဲ့ အပိုင်အခွင့်အရေး ၁ ကြိမ်အပါအဝင် ဂိုးသွင်းခွင့်တချို့ဖြုန်းတီးပစ်ခဲ့ပါတာကြောင့် ရီးယဲလ်တို့ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရတာလည်းဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly