ပါဆယ်ဗုံးပေါက်ကွဲပြီး တပ်မတော်အရာရှိတစ်ဦး၏ဇနီးသေဆုံးခဲ့မှု AA နှင့်သက်ဆိုင်မှုမရှိဟုဆို

ပါဆယ်ဗုံးပေါက်ကွဲပြီး တပ်မတော်အရာရှိတစ်ဦး၏ဇနီးသေဆုံးခဲ့မှု AA နှင့်သက်ဆိုင်မှုမရှိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ။          ။ အိမ်ထောင်ရွေ့ပြောင်းပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်ပေါ်တွင်ပါလာခဲ့သော ပါဆယ်မှ ဗုံးပေါက်ကွဲကာ တပ်မတော် အရာရှိ တစ်ဦး၏ ဇနီး သေဆုံးခဲ့ရသည့်ကိစ္စမှာ ရက္ခိုင့်တပ်(AA)နှင့် သက်ဆိုင်မှုမရှိဟု AA အဖွဲ့ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆို လိုက်သည်။

 “ ဒါကအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ။ ကျွန်တော်တို့ ရခိုင့်တပ်အနေနဲ့ကတော့ စစ်ရေးပစ်မှတ်တွေက လွဲပြီးတော့ အရပ်သားပစ်မှတ်တွေကို အဲလိုမျိုးတိုက်ခိုက်တာမရှိဘူး။ အဲလိုတိုက်ခိုက်ဖို့လည်း ကျွန်တော်တို့မှာ မူဝါဒမရှိဘူးဗျ။ သူတို့အချင်းချင်း အထက် အောက် မကျေနပ်ချက်တွေကြောင့် လုပ်ကြံတယ်လို့ပဲ ကျွန်တော်တော့ယူဆတယ်ဗျ “ ဟု ဦးခိုင်သုခကဆိုသည်။

တပ်မတော်မှ ဗိုလ်မှူးတစ်ဦးဖြစ်သူ၏ ဇနီး ဒေါ်နန်းမို့မို့ဇော်သည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်တွင် ကားပေါ်တွင် ပါလာသည့် အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို စစ်ဆေးနေစဉ်  AA အဖွဲ့မှထည့်လိုက်သည့် ပါဆယ်ဗုံး ပေါက်ကွဲပြီး ၄င်း၏အိမ်ခန်းအတွင်းမှာပင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်မှပြောဆို ထားခြင်းလည်းဖြစ်သည်။

“ ဘောစိအလုံး ၂၀၀၀ လောက်တွေ့တယ်။ လူသတ်ဖို့အတွက် ကြိုတင်လုပ်ထားတာပေါ့။ လက်လုပ်မိုင်း၊ လက်လုပ်ဗုံးတွေ “ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။

အဆိုပါ တပ်မတော်အရာရှိမှာ နေပြည်တော်မှ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သို့ပြောင်းရွှေ့လာခြင်းဖြစ်ပြီး အိမ်ထောင်ပရိဘောဂ ပစ္စည်းများ တင်ဆောင်လာသော ကားကို ရသေ့တောင်မြို့နယ်အရောက်တွင်အရပ်သား နှစ်ဦးက တားဆီးခဲ့သေးကြောင်း ၄င်းက ဆိုသည်။

ထို့နောက် အရပ်ဝတ် လက်နက်ကိုင် ၆ ယောက်ခန့်ထပ်မံရောက်ရှိလာကာ ကားပေါ်တွင် ရှာဖွေခဲ့ပြီးနောက် ကားမောင်းနှင်သူ မသိစေရန် ပါဆယ်ဗုံးကိုတင်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံးသပ်သည်။

တပ်မတော်အရာရှိနှင့် သေဆုံးခဲ့ရသည့် ၄င်း၏ ဇနီးဖြစ်သူတို့မှာ တာဝန်ကျရာနေရာသို့ အခြားလမ်းမှ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ပစ္စည်းတင်သည့်ကားမှာ သပ်သပ်သွားရောက်ခဲ့ခြင်းဖြစ်သည်။

 အိမ်ထောင်ပရိဘောဂပစ္စည်းတင်သည့်ကားမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်တပ်သို့ ရောက်ခဲ့ပြီး ပစ္စည်းများကို စစ်ဆေးနေစဉ် နေအိမ်အခန်းအတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required