AA မှ တပ်မတော်သားယောင်ဆောင်ပြီး အရပ်သားများကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု ထုတ်ပြန်

AA မှ တပ်မတော်သားယောင်ဆောင်ပြီး အရပ်သားများကို ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု ထုတ်ပြန်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ။            ။ ရခိုင်ပြည်နယ်အတွင်း၌ ရက္ခိုင့်တပ် AA မှ  တပ်မတော်သား အယောင်ဆောင်ပြီး ဒေသခံ ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက် ခေါ်ဆောင်ခြင်းများကို ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

တပ်မတော်မှ ကျောက်တော် နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ AA အဖွဲ့၏ စခန်းကို သိမ်းပိုက်ရရှိပြီးနောက် စခန်းအတွင်းမှ တပ်မတော်သား အရာရှိ စစ်သည်များ အသုံးပြုသည့် အဆင့်တံဆိပ်များ ၊ ပခုံးဒေါက်နှင့် ကော်လံတံဆိပ်များ သိမ်းဆည်းရခဲ့ကြောင်း တပ်မတော်ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္စျိမသို့ ဆိုသည်။

ယင်းအတွက်ကြောင့် AA အဖွဲ့မှ  တပ်မတော်သားအယောင်ဆောင်ပြီး ဒေသခံပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်းများ ပြုလုပ်နေကြောင်း သုံးသပ် နိုင်သည်ဟု ၄င်းက ဆိုသည်။

“လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တွေ့ရတယ်။ ဆယ်တန်းကျောင်းသားတစ်ယောက်ကို တပ်က ဖမ်းသွားတယ်၊ ပြီးရင်ပြန်လွှတ်လိုက်တယ်၊ စကားမပြောနိုင်တော့ဘူး။ ဒါကို မြေပြင်မှာ သေချာပြန်ပြီး စစ်ဆေးကြည့်တော့ ဖြစ်စဉ်က ပြောင်းပြန်ဖြစ်နေတယ်။ ဖမ်းသွားတာ AA ကဖြစ်နေတယ်။ သူ့အဖေကို အဖွဲ့အစည်းတစ်ခုခုက ဖိအားပေးပြီး ဖမ်းသွားတာ တပ်ကဆိုပြီး ထွက်ဆိုခိုင်းတယ်။ တကယ် ဂဃဏန စစ်လိုက်တော့ AA က ဖမ်းသွားတာ ဖြစ်နေတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။

ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သည့် ဆယ်တန်းကျောင်းသား မောင်ဇော်နိုင်နိုင်ဌေး သည်  ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်ဆီဖြည့်ပြီး အပြန် အမှတ်-၃၇၅ တပ်ရင်းရှေ့အရောက်၌ တပ်ကားတစ်စီးမှ  အမှတ်-၅၃၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မောင်ဇော်နိုင်နိုင်ဌေး၏ ဖခင်ဖြစ်သူက ပြောဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား အပြန်အလှန်စွပ်စွဲပြောဆိုနေခြင်း ရှိနေပြီး ကာယကံရှင် မိသားစုဝင်များနှင့် တပ်မတော်အကြား အပြန်အလှန် တရားစွဲဆိုမှုများလည်း ရှိနေခဲ့သည်။

 “ဒီလိုပြောနေတာတွေက ပြောင်းပြန်ပြောနေတာပါ။ စစ်တပ်က အခုရက်ပိုင်းမှာ အရပ်သားတွေကို ပိုပြီးတော့ ဦးတည် တိုက်ခိုက်လာတာ တွေ့ရတယ်။ သူတို့ဘက်က အကျအဆုံးများလာပြီဆိုရင် ရွာတွေကိုဝင်ပြီး သေနတ်တွေနဲ့ပစ် လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်။ ရွာသားတွေရှေ့မှာ ပြောသွားတာတွေရှိတယ်။ AA ကို ထောက်ခံရင် အကုန် သတ်မယ်ဆိုတာမျိုး ပြောသွားတာရှိတယ်။ အခု ဒီလိုမျိုး ပြောတာကတော့ သူတို့ပြောင်းပြန်ပြောတာပါ” ဟု ရက္ခိုင့်တပ် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း၌  ရက္ခိုင့်တပ် AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများသည် အစိုးရဘက်မှ စစ်ဆေးခြင်းကို ခံရသလို AA ဘက်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုလည်း ခံနေရသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်အနည်းဆုံး ၇၀၀၀ ထက်မနည်း ရှိလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly