လူသတ်မှုဖြင့် တရားစွဲခံနေရသူ လူငယ်သင်တန်းကျောင်းမှ ထွက်ပြေး

လူသတ်မှုဖြင့် တရားစွဲခံနေရသူ လူငယ်သင်တန်းကျောင်းမှ ထွက်ပြေး
တရားခံပြေးအုပ်ချုပ်ရေးမှူးအကြောင်းထုတ်ပြောသူ ကိုဇော်ဇော်အောင်(အင်္ကျီအဖြူဝတ်ထားသူ)နှင့် သတ်ဖြတ်ခံရသည့် သူ၏ညီ ကိုသက်ဝေထူး (Photo - ကိုဇော်ဇော်အောင်FB)

လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် လူငယ်တစ်ဦး သံလျင်လူငယ်သင်တန်းကျောင်းမှ ထွက်ပြေး လွတ်မြောက်နေကြောင်း ရန်ကုန်တိုင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ တွင် ပြောသည်။

အသက် ၁၇ နှစ်ကျော်အရွယ်  အောင်သက်ပိုင်သည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ဖြစ်သည်။

အောင်သက်ပိုင်သည် တရားခံပြေးတစ်ဦး  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်းအကြောင်း ဖော်ထုတ်ခဲ့သူ၏ ညီဖြစ်သူကို ဝိုင်းဝန်းသတ်ဖြတ်သည့်လူအုပ်စုအတွင်း ပါဝင်သည်ဟု စွပ်စွဲခံထားရသည်။

“ဟုတ်ပါတယ်။ အောင်သက်ပိုင်ဆိုတဲ့ကလေးက ကျောင်းကနေ ထွက်ပြေး လွတ်မြောက်နေပါတယ်။ အဲ့ဒီအတွက် တရားရုံးကိုရော၊ ရဲကိုရော အကြောင်းကြားထားပါတယ်။ သူနဲ့အမှုတွဲဖြစ်တဲ့ နေလင်း (အသက် ၁၇ နှစ်ကျော်) ကတော့ ကျောင်းမှာ ရှိနေပါတယ်” ဟု ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

၎င်းကျောင်းတွင် လမ်းပေါ်ကိုရောက်ရှိခဲ့သည့် ကလေးငယ်များ၊  တရားရင်ဆိုင်နေကြရသည့် ကလေးငယ်များ ၂၇၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊  အသက်မပြည့်သေးသူများ  ဖြစ်သည့်အတွက် ကလေးသူငယ်ဥပဒေအရ စောင့်ရှောက်ထားရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကျောင်း၏ တာဝန်ခံဖြစ်သူထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိပေ။

အဆိုပါကျောင်းမှ ပြီးခဲ့သည့်နှစ် သင်္ကြန်မတိုင်မီကလည်း ထိုကဲ့သို့ အမှုရင်ဆိုင်နေရသည့် ကလေး ၃ ယောက် ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ကျောင်း၏ စီမံခန့်ခွဲမှုများကို ပြန်လည် စိစစ် သုံးသပ်သင့်ကြောင်း သံလျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးနေလင်းအောင်က ပြောသည်။

ထို့အပြင် တချို့ထွက်ပြေးလွတ်မြောက်မှု ဖြစ်စဉ်များတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကို ချက်ခြင်း အသိပေးအကြောင်းကြားခြင်းမျိုး မပြုလုပ်ဘဲ ဖုံးဖိထားမည်ဆိုလျှင် ရာဇဝတ်မှုဖြင့် ကျူးလွန်သူများအတွက် အခွင့်ကောင်းဖြစ်သွားနိုင်သည်ဟု သူက ဆက်ပြောသည်။

“တာဝန်ရှိသူတွေကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်နေသလဲဆိုတာတော့ ကျွန်တော်တို့ မေးခွန်းထုတ်ရမှာပေါ့။ အဲ့ဒီသတင်းမျိုးတွေက ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေဆီ အကြောင်း မကြားဘူးဗျ။ ဘာ့ကြောင့် ဒီလိုဖြစ်တာလဲ၊ အဲ့ဒီကျောင်းမှာ ဘယ်လိုတွေဖြစ်နေလဲ၊ ဘယ်သူ့မှာ တာဝန်ရှိတာလဲ၊ ဘယ်လိုလုပ်နေကြလဲ ဆိုတာကို ကျွန်တော်တို့ သက်ဆိုင်ရာတွေကို မေးမြန်းသွားမှာပါ” ဟု သံလျင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ဆိုသည်။

စိုးရိမ်နေရသူ

ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ် ၁၄၀ ရပ်ကွက်မှ  တရားခံပြေး  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာခြင်းအကြောင်း ဖော်ထုတ်ခဲ့သူမှာ ကိုဇော်ဇော်အောင် ဖြစ်သည်။ ထိုသို့ဖော်ထုတ်ပြီးနောက် ညီဖြစ်သူ သတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသည့် ဆယ်ကျော်သက်နှစ်ဦးသည်  လွန်ခဲ့သော နှစ်လကျော်ကတည်းက လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်ခဲ့ကြောင်း၊ တစ်ဦး လွတ်မြောက် ထွက်ပြေးနေသည့်အတွက် မိမိ၏ လုံခြုံရေးကိုလည်း စိုးရိမ်ပူပန်မိကြောင်း ကိုဇော်ဇော်အောင်က ပြောသည်။

 “သူ့ကို အသက်မပြည့်သေးတဲ့ ကလေးဆိုပေမယ့် လက်စလက်နရှိသူဆိုတော့ ကျွန်တော့်ကို မိသားစုတွေကရော၊ သူငယ်ချင်းတွေကရော အသွားအလာ သတိပြုဖို့ သတိပေးကြတာပေါ့။ ဟိုတလောလေးကမှ  အဲ့ဒီနေလင်းနဲ့ အောင်သက်ပိုင်တို့က သူတို့ အဲ့ဒီကျောင်းမှာ နေနေတဲ့ပုံတွေနဲ့အတူ ခြိမ်းခြောက်စာတွေကို ဖေ့ဘုတ်မက်ဆင်ဂျာကနေ ပို့ထားတာ” ဟု သူကဆိုသည်။

နေလင်းနှင့် အောင်သက်ပိုင်တို့သည်  သူ၏ညီ  ကိုသက်ဝေထူးကို   ဝိုင်းကာ ဓားဖြင့် ခုတ်သတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။   ရဲတပ်ဖွဲ့က ၎င်းတို့ မိသားစုဝင် ၆ ဦးကို ဖမ်းဆီးကာ လူသတ်မှု၊ အားပေးကူညီမှုများဖြင့် ပုဒ်မ ၃၀၂/ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ တရားစွဲဆိုခဲ့သည်။

အောင်သက်ပိုင်တို့၏ အမှုတွဲများသည် ၁၄၀ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူ ရန်နိုင်စိုး ခေါ် ကရင်၏ နောက်လိုက်များဖြစ်ကြကြောင်း ဒေသခံတို့က ပြောဆိုကြပြီး ကရင်၏အမှုကို Myanmar Now မှ သတင်းဆောင်းပါး အကျယ်တဝင့် ရေးသားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required