AFC Cup 2019 ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း စင်ကာပူကလပ်ကို ဂိုးပြတ်ရှုံးနိမ့်

AFC Cup 2019 ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း စင်ကာပူကလပ်ကို ဂိုးပြတ်ရှုံးနိမ့်

ဖေဖော်ဝါရီလ ၂၆ ။        ။ AFC Cup 2019 ပထမဦးဆုံး အုပ်စုပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် စင်ကာပူကလပ် တန်ပနိစ် ရိုဗာ အသင်းတို့သည် ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၃း၃၀ နာရီက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ စင်္ကာပူ ကလပ်က  ၁ - ၃ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

 ရန်ကုန်ယူနိုက်တက်အသင်းသည့် အမာခံကစားသမားဖြင့် စင်ကာပူအသင်းကိုယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်း ၁၃ မိနစ်အရောက်တွင် ရန်ကုန်အသင်းမှဦးဆောင်ဂိုးစတင်ရရှိခဲ့ကာ ပထမပိုင်းအပြီးတွင် ၁-၀ ရလဒ်ဖြင့် အနိုင်ရရှိထားခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်စင်ကာပူကလပ်  တန်ပနိစ် ရိုဗာ အသင်းမှ ကစားပုံပိုမိုကောင်းမွန်လာပြီး ရန်ကုန်အသင်းဘက်သို့ ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန်  ၅၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း၏ နောက်ခံလူများ အမှားမှတစ်ဆင့် တန်ပနိစ်ရိုဗာအသင်းက ချေပဂိုးပြန်လည်သွင်းနိုင်ခဲ့သည်။ ထို့နောက် ပွဲကစားချိန် မိနစ် ၆၀ တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် တန်ပနိစ်ရိုဗာအသင်းက အနိုင်ဂိုးကို ထပ်မံသွင်းယူခဲ့ပြီး ပွဲကစားချိန် ၆၇ မိနစ်တွင် ရန်ကုန်အသင်းကို တတိယဂိုး ထပ်မံသွင်းယူခဲ့သည်။

အဆိုပါပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမပိုင်းမှာသာ တန်ပနိစ်ရိုဗာအသင်း ဘက်သို့ ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် တန်ပနိစ်ရိုဗာအသင်း၏ ဖိအားပြန်ပေးခြင်းကို မခံနိုင်ဘဲ ဂိုးပြတ် အရှုံး ပေးခဲ့ရခြင်း ဖြစ်သည်။

"ကျွန်တော်တို့ကစားသမားတွေ  ၅၅ ၊၆၀ ၊၆၅ မိနစ် ပေါ့။ ၁ဝမိနစ်မှ အာရုံစူးစိုက်မှုလျော့နေချိန်မှာ သုံးဂိုး ပေးလိုက်ရတယ်။ကျွန်တော်တို့ပြန်လိုက်တဲ့အချိန်မှာဘယ်လိုမှ မမှီတော့ဘူး" ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်အသင်း၏ နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောသည်။

 ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ၂၀၁၉ ခုနှစ် အာရှချန်ပီယံလိဂ် ဒုတိယအဆင့်ခြေစစ်ပွဲကို ယှဉ်ပြိုင်ရာ ထိုင်းကလပ်ချင်းရိုင်အသင်းကို (၁-၃) နှင့်အဝေးကွင်းတွင် ဂိုးပြတ်ရှုံး နိမ့်မှုကြောင့် Play Off အဆင့်သို့ပထမဆုံးအကြိမ်တက်ရောက်မည့် အခွင့်အရေးဆုံးရှုံးခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခင် AFC Cup 2018 ပြိုင်ပွဲတွင် အာဆီယံဇုန် အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ဘက် တန်ပနိစ် ရိုဗာအသင်းသည် အုပ်စု အဆင့်နှင့်သာ ကျေနပ်ခဲ့ရသည့် အသင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly