မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်မရှိဘဲ အပန်းဖြေစခန်းနှင့် ရေပူစခန်းများ ဖွင့်လှစ်ထား

မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်မရှိဘဲ အပန်းဖြေစခန်းနှင့် ရေပူစခန်းများ ဖွင့်လှစ်ထား

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၆ ။              ။ မွန်ပြည်နယ်တွင် အပန်းဖြေစခန်း ၃ ခုနှင့် သဘာဝရေပူစခန်း ၁ ခုမှာ လုပ်ငန်းလိုင်စင် မကျသေးဘဲ ဖွင့်လှစ် ထားခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်၊ သယံဇာတနှင့်သဘာဝ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

 ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မွန်ပြည်နယ်ရှိ အပန်းဖြေ စခန်းများ၊ သဘာဝရေပူစမ်းစခန်းများ၊ ရေတံခွန်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ဖွင့်လှစ်ထားသည့်စာရင်းနှင့် တည်ဆဲဥပဒေအတိုင်းမှတ်ပုံတင်ဖွင့်လှစ်ထားခြင်း ရှိ/မရှိ မေးမြန်းရာ ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

 “အပန်းဖြေစခန်း ၃ ခုနဲ့ သဘာဝရေပူစခန်း ၁ ခုက လုပ်ငန်းလိုင်စင် လျှောက်ထားဆဲ ဖြစ်တယ်။ လိုင်စင် မကျသေးဘဲ ဖွင့်နေကြပြီး အခုဆိုရင် ၄ ခုလောက်က လာတင်ထားပါပြီ၊ ကျွန်တော်သိသလောက်ဆိုရင် မုတ္တမက Family Word ပေါ့၊ ဒါက လုပ်ငန်းသေးသေးလေးပါပဲ။ ဒါပေမယ့် သေးသေးလေးလည်း သူက အကျုံးဝင်တယ်။ ကျွန်တော်သိသလောက် မွန်မှာ ဆိုရင် တိရစ္ဆာန်ဥယျာဉ်ပါ၊ စိမ်းလဲ့တင်ပါဆိုရင် ၈ ခု လောက် ရှိမယ်။ ၄ ခုက လိုင်စင် မကျသေးဘူး၊ လျှောက်လွှာတင်ထားတယ်။ ၃ ခုကတော့ လိုင်စင် ပေးထားတယ်။ ၁ ခု ကတော့ မတင်ရသေးဘူးပေါ့။” ဟု ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

 လက်ရှိတွင် လုပ်ငန်းလိုင်စင် လျှောက်ထားသော လုပ်ငန်း ၄ ခုမှာ မုဒုံမြို့နယ် ကွေ့ဝမ်းကျေးရွာအုပ်စု၊ ကော့ခိုက်ကျေးရွာရှိ Neo-More Myanmar Co.,Ltd ၏ အပန်းဖြေစခန်းနှင့် ကလေးကစားကွင်း၊ မော်လမြိုင်မြို့ မင်းရွာရှိ Water World Mawlamyine အပန်းဖြေစခန်း၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် သရက်ကုန်းရပ်ရှိ ဒေါ်နန်းရိုစလင်းလျှောက်ထားသည့် အပန်းဖြေစခန်းနှင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ 21 Paradise သဘာဝရေပူစခန်းတို့ ဖြစ်ပြီး သစ်တောဦးစီးဌာန(မွန်ပြည်နယ်)တွင် မှတ်ပုံတင်လျှောက်ထားသည် ဟု သိရသည်။

 “ အပန်းဖြေစခန်းတွေဆိုရင်လည်း မွန်ပြည်နယ်အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ် ဥပဒေ အမှတ် ၄/၂၀၁၅ အရ အခန်း(၆)ပါ ပြဌာန်းချက်အရ လိုင်စင်မရှိသေးပါဘူး။ Water World Mawlamyine ၊ 21 Paradise ရေပူအပန်းဖြေစခန်းဆိုရင် ဖွင့်လှစ်ထားတာ ကြာနေပြီ။ ဥပဒေလုပ်ထုံး၊ လုပ်နည်းဆောင်ရွက်ချက် တွေအရ ဆောင်ရွက်ထား တာမရှိပါဘူး။ ဒီလုပ်ငန်းတွေဟာ ဥပဒေနဲ့အညီ ခွင့်ပြုချက်လိုင်စင် ရရှိပြီးမှသာ ဆောင်ရွက်ခွင့်ရှိတဲ့လုပ်ငန်းတွေ ဖြစ်ပါတယ်” ဟု သထုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

လက်ရှိတွင် လုပ်ငန်းလိုင်စင်မလျှောက်ဘဲ လုပ်ကိုင်နေကြသူများကို ပြည်နယ်ဥပဒေအရ လုပ်ငန်းလိုင်စင် လျှောက်ထားခိုင်းပြီး မလျှောက်ပါက ပုဒ်မ ၃၈ အရ ထောင်ဒဏ် ၆ လ(သို့မဟုတ်)ငွေဒဏ် ၅ သိန်း(သို့မဟုတ်) ၂ ခုလုံးဖြင့် တရားစွဲဆိုသွားမည်ဟု ဝန်ကြီးထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ ကဒိုင်ဒွတ်ကျေးရွာအုပ်စုရှိ ရွှေဇနက အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ လုပ်ဆောင်နေသည့် ဆောင်နိုင်ကြီးအပန်းဖြေဥယျာဉ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ကားလမ်းဘေး ရှိ စိမ်းလဲ့တင် အပန်းဖြေစခန်းနှင့် စိမ်းလဲ့တင်တိရစ္ဆာန်ဥယျာဉ်တို့မှာ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း မှတ်ပုံတင်၍ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် အပန်းဖြေစခန်းများဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly