ဖုန်းဘေလ် မလျော်မကန် ဖြတ်တောက်မှုများကို အမြန်အရေးယူဖို့လိုပြီဟု လွှတ်တော်ဥက္ကဋ္ဌ ပြော

ဖုန်းဘေလ် မလျော်မကန် ဖြတ်တောက်မှုများကို အမြန်အရေးယူဖို့လိုပြီဟု လွှတ်တော်ဥက္ကဋ္ဌ ပြော

နေပြည်တော်(ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ ဆက်သွယ်ရေးအော်ပရေတာများ၏ ဖုန်းဘေလ်် မလျော်မနက် ဖြတ်တောက်မှုများအပေါ် အလျင်အမြန် အရေးယူရန် လိုအပ်နေပြီဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားလိုက်သည်။

 ဆက်သွယ်ရေးသုံးစွဲ နေသူများအပေါ် စားသုံးသူအခွင့်အရေးချိုးဖောက်နေသော ဆက်သွယ်ရေးလိုင်စင် (Service Provider) ရရှိထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအား ပြဋ္ဌာန်းပြီးဖြစ်သော ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်ကောင်း ကြပ်မတ်စစ်ဆေး အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိကို အောင်မြေသာဇံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ဖေဖော်ဝါရီ ၂၅ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးခွန်း ထုတ်ခဲ့သည်။

 ဒေါက်တာလှမိုး၏ မေးခွန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးသာဦးက လွှတ်တော်သို့ လာရောက်ဖြေကြားခဲ့ပြီး ၎င်းတို့၏ မေးမြန်း၊ ဖြေကြားမှုများအပြီးတွင် လွှတ်တော်ဥက္ကဋ္ဌက အောက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 “အခုက မလျော်မကန် ဖြတ်တောက်မှုတွေဟာ ဖြစ်ပေါ်နေပြီဆိုတာ ပေါ်ပေါက်နေပါတယ်။ အဲ့ဒီအတွက် ကြောင့် ဝန်ကြီးဌာနအနေနဲ့ ဒါကို ဘယ်လို ဖိဖိစီးစီး၊ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ အပိုင်းကိုလည်း ဝန်ကြီးဌာ နအနေနဲ့ အလျင်အမြန်ဆောင်ရွက်ပေးဖို့ လိုမှာဖြစ်ပါတယ်” ဟု ဦးတီခွန်မြတ်က ပြောသည်။

မေးခွန်းမေးမြန်းခဲ့သည့် ဒေါက်တာလှမိုးက ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှုများကို ရယူထားခြင်းမရှိဘဲ ၎င်းကိုယ်တိုင်ပင် ၆မျိုး၊ ရမျိုးခန့် အပတ်စဉ် ဖြတ်တောက်ခံနေရသလို ၎င်း၏ မိသားစုများနှင့် နီးစပ်သူများပါ အလားတူ ဖြစ်ပေါ်နေသောကြောင့် ယခုကဲ့သို့ မေးမြန်းရခြင်း ဖြစ််သည်ဟု ဆိုသည်။

 
ဒေါက်တာလှမိုးက လွှတ်တော်တွင် မေးခွန်း မမေးခင် “မနေ့ကအထိ ဖြတ်တုန်း” ဟု ဆိုကာ “ကြိုတင်ငွေဟာ ကျွန်တော်တို့ ပိုက်ဆံ ဖြစ်ပါတယ်။ သုံးစွဲသူတိုင်း ပိုင်ဆိုင်တဲ့ ငွေကြေး ဖြစ်ပါတယ်။ ဒီသုံးစွဲသူများ ပိုင်ဆိုင်တဲ့ ငွေကြေးကို ကျွန်တော်တို့ကို အသိမပေးဘဲနဲ့ ဖြတ်တောက်ခြင်းသည် အဒိန္နဒါနာ ခိုးယူခြင်း မြောက်ပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။

 ထို့ကြောင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နစ်နာသူ ပြည်သူများကိုယ်စား တရားစွဲဆိုရန် ရှိ၊ မရှိနှင့် ပြည်သူများ ဆုံးရှုံးသွားသည့် ငွေများကို ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန် ရှိ၊ မရှိ ကိုလည်း ဒေါက်တာလှမိုးက မေးမြန်းခဲ့သည်။

 ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဒုဝန်ကြီး ဦးသာဦးကမူ ဒေါက်တာလှမိုး၏ ထောက်ပြမှုများသည် မှန်ကန်မှု ရှိသောကြောင့် ဒဏ်ငွေရိုက် အရေးယူမှုတချို့ လုပ်ထားကြောင်း၊ ဆက်သွယ်ရေးအော်ပရေတာများ၏ ဖုန်းဘေလ် မှားယွင်းဖြတ်တောက်မှုများသည် စက်ကြောင့်သော်လည်ကောင်း၊ မည်သည့် အတွက်ကြောင့် သော်လည်းကောင်း ပြည်သူလူထုကသာ နစ်နာနေရသောကြောင့် စိစစ်မှုများ လုပ်ဆောင်နေကြောင်း ပြန်လည် ဖြေကြားသည်။

 ဆက်သွယ်ရေးဥပဒေအရ အော်ပရေတာများကို အရေးယူနိုင်သည့် နည်းလမ်းသုံးခုရှိပြီး ၎င်းတို့မှာ သတိ ပေးခြင်း၊ လိုင်စင်ယာယီ ရပ််ဆိုင်းခြင်းနှင့် လိုင်စင်အပြီးပိတ်သိမ်းခြင်းတို့ ဖြစ်သည်ဟု ဒုဝန်ကြီးက ဆိုသည်။ သို့သော် လိုင်စင်ယာယီရပ်ဆိုင်းခြင်းနှင့် အပြီးပိတ်သိမ်းခြင်းတို့ကို ဥပဒေအရခွင့်ပြုထားသော်လည်း လက်တွေ့တွင် လုပ်ဆောင်၍ မရကြောင်း ၎င်းက လွှတ်တော်တွင် ရှင်းလင်းခဲ့သည်။

 “သူတို့ကို တစ်နာရီလေးတောင် ပိတ်လို့မရဘူး။ ပိတ်လိုက်တာနဲ့ သုံးစွဲသူအားလုံးက ထိခိုက်ပါတယ်။ အဆက်သွယ်ပြတ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးသာဦးက ပြောသည်။

 ဆက်သွယ်ရေးလိုင်စင်ရကုမ္ပဏီများ၏ မမှန်မကန် လုပ်ဆောင်မှုများနှင့်ပတ်သက်၍လည်း ဝန်ကြီးဌာန အနေဖြင့် ဥပဒေအရ တရားစွဲဆိုနိုင်သည့် အနေအထားတွင် မရှိကြောင်း ဒုဝန်ကြီးက ထည့်သွင်း ပြောကြားပြီး ယခုအခါ ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိ ပြဌာန်းထားသည့် ဆက်သွယ်ရေးဥပဒေသည် ဆက်သွယ်ရေးအော်ပရေတာ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းသည့် ပြဋ္ဌာန်းချက်များသာ ပါဝင်ပြီး သုံးစွဲသူများအတွက် အကာအကွယ်ပေးထားသည့် ပြဋ္ဌာန်း ချက်များ လုံးဝ မပါရှိခြင်းကြောင့် ယင်းဥပဒေနှင့် နည်းဥပဒေတို့ကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်နေပြီဟု ဒေါက်တာလှမိုးက ပြောကြားသည်။

“နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ပညာနည်းပါးမှု၊ အသိဉာဏ်နည်းပါးမှုအပေါ်မှာ အခွင့်ကောင်းယူပြီး ဒီလို မလျော်မကန် ပြုမူခြင်းဟာ ကုမ္ပဏီကြီးတွေ ကျင့်ဝတ်နဲ့ ကိုက်ညီရဲ့လား။ သိပ်ရှက်စရာကောင်းတယ်” ဟု ၎င်းက ဆိုသည်။

 လူဦးရေ ၅၃သန်းခန့်ရှိသည့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာ ၄ခုရှိပြီး MPT သုံးစွဲသူ ၂၁သန်း၊ တယ်လီနောလ်သုံးစွဲသူ ၁၉သန်း၊ အူရီးဒူး သုံးစွဲသူ ၁ဝသန်းနှင့် မိုင်တဲလ် သုံးစွဲသူ ၅သန်းခန့်ရှိသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required