တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိစ္စအား အဂတိမှ ရရှိမည့် ရလဒ်အပေါ်မူတည်ပြီး ပါတီမှ ဆုံးဖြတ်မည်

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိစ္စအား အဂတိမှ ရရှိမည့် ရလဒ်အပေါ်မူတည်ပြီး ပါတီမှ ဆုံးဖြတ်မည်
 ဓာတ်ပုံ- ဇေယျာမော်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ။        ။   တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးနေဆဲ ဖြစ်ပြီး အရေးယူရန် ရှိ၊ မရှိကို ရရှိလာသည့် စစ်ဆေးချက်များအပေါ် မူတည်ပြီး ပါတီမှ ဆုံးဖြတ်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။

“အမှုကို စစ်ဆေးဆဲရှိပါတယ်။ နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း စစ်ဆေးနေပါတယ်။ အဲ့ဒီကနေ ပြီးတော့ စစ်ဆေးပြီးပေါ်ပေါက်ချက်ကို မူတည်ပြီးမှ စဉ်းစားမှာပါ” ဟု ၄င်းက ဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ပါတီ (ဗဟို)ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာမျိုးညွန့်က ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော် နှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ရှိ ရွေးကောက်ခံကိုယ်စားလှယ် ၁၄ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် NLD ပါတီ ဗဟိုထံ တင်သွင်းထားသည်။

တိုင်းလွှတ်တော်က ပေးပို့သည့် အစီရင်ခံစာတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆွေမျိုးတော်သူအား ကိုယ်ရေး အရာရှိခန့်ထားခြင်း၊ ဆွေမျိုးနီးစပ်သူများကို တင်ဒါခေါ်ယူခြင်းမရှိဘဲ လုပ်ငန်းများချထားပေးခြင်း၊ ထားဝယ် လေယာဉ်ကွင်း ခြုံရှင်းလင်းခ ကျပ်သိန်း ၄၀၀၀ ချထားပေးခြင်း၊ ပုလောမြို့တော်ခန်းမ နှင့် နေပြည်တော်ဧည့်ရိပ်သာ တည်ဆောက်ရာ တွင် တင်ဒါမခေါ်ယူခြင်း စသည့်ကိစ္စများ ပါဝင်သည်။

ပုလောမြို့တော်ခန်းမ နှင့် နေပြည်တော် ဧည့်ရိပ်သာ တည်ဆောက်ရာ တွင် တင်ဒါမခေါ်ယူခြင်းသည် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ဆောင်ရွက်ခဲ့သည်ဟု တိုင်းဒေသကြီးစာရင်းစစ်ချုပ် က စစ်ဆေးတွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပါတီမှ တစ်စုံတရာ ဆောင်ရွက်ထားခြင်းမရှိသေးကြောင်း ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ စုံစမ်းနေကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“တနင်္သာရီတိုင်းကိစ္စနဲ့ပတ်သက်ပြီး လက်ရှိကျွန်တော်တို့ဘက်က ဆောင်ရွက်တာ ဘာမှမရှိသေးဘူး။ ဘာလို့လဲဆိုရင် အဲ့ဒီအမှုတွေကို ကျွန်တော်တို့က ပါတီက အမှုလို့မသတ်မှတ်ဘူး။ အဓိက အဲ့ဒါပဲ။ ဒီဥစ္စာဟာ ပါတီနဲ့ မသက်ဆိုင်လို့ သက်ဆိုင်တဲ့ အဂတိတို့ဘာတို့က စုံစမ်းနေတယ်လို့ ကြားပါတယ်။ အဲ့လိုစုံစမ်းနေဆဲကာလမှာ ပိုပြီးတော့ သတိထားရပါတယ်။ ကျွန်တော်တို့ ဝင်ရောက်ပြောဆိုခွင့်မရှိပါဘူး။မပြောလည်းမပြောသင့်ပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း၌   တနင်္သာရီ ဝန်ကြီးချုပ် ၊ တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် စီမံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့အား ရာထူးမှ ဖယ်ရှားပေးရန် ဒေသခံပြည်သူအချို့က တောင်းဆိုမှုများ ရှိခဲ့သည်။

ယင်းခရီးစဉ်အတွင်း၌ “တနင်္သာရီတိုင်းဒေသကြီးကို လာရတဲ့ အကြောင်းရင်းတစ်ခုကလည်း တိုင်းဒေသကြီး အစိုးရကို ဆုံးမဖို့ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဒေသခံတစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly