မကွေးတွင် နှစ်လအတွင်း အထောက်အထားမဲ့ ၁၁၃ဦး ဖမ်းမိ

မကွေးတွင် နှစ်လအတွင်း အထောက်အထားမဲ့ ၁၁၃ဦး ဖမ်းမိ
ဇန်နဝါရီလ ၂၀ရက်နေ့က အထက်မင်းလှမြို့နယ် ဘန့်ပြင် ကျေးရွာလမ်းပေါက်အနီး ဖမ်းမိခဲ့သော အထောက်အထားမဲ့ ၀င်လာသူများ

မကွေး၊ဖေဖော်ဝါရီ ၂၅ ။     ။မကွေးတိုင်းဒေသကြီးသို့ အထောက်အထားမဲ့ဝင်ရောက်လာသူများကို ဖမ်းဆီးခဲ့ရာ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ (၂၃)ရက်နေ့အထိ(၁၁၃)ဦးကို ဖမ်းမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ သိရသည်။

 “အထောက်အထားမဲ့ဝင်ရောက်လာတဲ့ သူတွေဟာ ရခိုင်ပြည်နယ်ဘက်ကနေလာကြတယ်။ တစ်ချို့ ဆို ပွဲစားတွေကို ယုံပြီး အိမ်တို့ယာမြေတို့ ရောင်းပြီး လာကြတယ် မှတ်ပုံတင်မပါဘူး။ ဒီနိင်ငံမှာ နေထိုင်ခွင့် အထောက်အထား အသိမှတ်ပြုကတ် ဘာမှမရှိဘူး” ဟု မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

အထောက်အထားမဲ့ဝင်ရောက်လာသူများကို (၂၀၁၉)ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့က မင်းလှမြို့နယ်တွင် (၁)ဦး၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် မင်းတုန်းမြို့နယ်၌(၁၅)ဦး၊ ဇန်နဝါရီလ(၂၄)ရက်နေ့တွင် မင်းလှမြို့နယ်၌ (၄)ဦး၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် မင်းလှမြို့နယ်၌(၅)ဦး၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် မင်းတုန်းမြို့နယ်၌ (၁၀)ဦးနှင့် မင်းလှမြို့နယ်မှ(၁)ဦး၊ ဖေဖော်ဝါရီလ(၉) ရက်နေ့တွင် ငဖဲမြို့နယ်၌ (၆) ဦး၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မင်းလှမြို့နယ်မှ(၁၂)ဦး၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် မင်းလှမြို့နယ်မှ(၁၆)ဦး၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် မင်းလှမြို့နယ်မှ(၄၃)ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အထောက်အထားမဲ့ဝင်ရောက်လာသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ မှတ်ပုံတင်အက်ဥပဒေအရ အရေးယူထားကြောင်းသိရပြီး အထောက်အထားမဲ့ဝင်ရောက်လာသူများကို ဖမ်းဆီးရမိရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့များကို လုံခြုံရေး တင်းကြပ်စွာ ဆောင်ရွက်ရန် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း ကြိုတင်အသိပေးထားမှုများ ရှိကြောင်း ၄င်းက ဆက်ပြောသည်။

“အထောက်အထားမဲ့ဝင်ရောက်လာတဲ့သူတွေကိုအမ်းဘက်က ပွဲစားတွေကတစ်ဆင့် တောင်ပေါ်ကချင်းတွေက လမ်းပြတယ်။ ရန်ကုန်ကပွဲစားတွေ လက်ဆင့်ကမ်းသွားကြတာ ဖြစ်တဲ့အတွက် ပွဲစားတွေနဲ့ လမ်းပြတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်” ဟု ဗိုလ်မှူးကြီးမင်းဦးက ပြောသည်။

မကွေးတိုင်းဒေသကြီးတွင် (၂၀၁၈)ခုနှစ်အတွင်း၌ အထောက်အထားမဲ့ဝင်ရောက်လာသည့် ဘင်္ဂါလီ(၂၁၆)ဦး ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly