အော်စကာဆုပေးပွဲကြီး ကျင်းပ

အော်စကာဆုပေးပွဲကြီး ကျင်းပ

ဖေဖော်ဝါရီ ၂၅ ။       ။      ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရပွဲဖြစ်တဲ့ အော်စကာဆုပေးပွဲကြီးကို ယမန်နေ့က လော့စ်အိန်ဂျလိစ်မြို့၊ Dolby ပြဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပွဲကို ကမ္ဘာကျော်ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဒါရိုက်တာတွေအပါအဝင် အော်စကာဆုလျာထားခံရတဲ့ ကမ္ဘာတစ်ဝန်းက အနုပညာရှင်တွေပါ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို Bohemian Rhapsody ဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသား Rami Malek က ဆွတ်ခူးရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရှင်ကတော့ The Favourite ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဆောင်မင်းသမီး Olivia Colman ပဲဖြစ်ပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု မရခဲ့ပေမယ့် ရုပ်ရှင်မင်းသမီး၊ အဆိုတော် Lady Gaga ဟာ A Star is Born ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေး Shallow နဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုကို ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။

အကောင်းဆုံးရုပ်ရှင်ဇာတ်ကားမှာ Green Book ဖြစ်ကြောင်း သိရှိရပါတယ်။

အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆုရှင်ကတော့ Roma ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာ Alfonso Cuarón ဖြစ်ပြီး ၎င်းဟာ အော်စကာဆုကို လေးကြိမ်မြောက် ဆွတ်ခူးရရှိနိုင်ခဲ့တဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။

အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို Roma ရုပ်ရှင်ကားနဲ့ပဲ ဒါရိုက်တာ Alfonso Cuarón ကဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။

အကောင်းဆုံးဇာတ်ဝတ်ဇာတ်စားဒီဇိုင်းဆုကိုတော့ Black Panther ဇာတ်ကားနဲ့လိုက်ဖက်အောင် ဝတ်စုံတွေဖန်တီးနိုင်ခဲ့တဲ့ အမေရိကန်ဒီဇိုင်နာ Ruth Carter က ဆွတ်ခူးရရှိခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို Green Book ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mahershala Ali ကဆွတ်ခူးနိုင်ခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရှင်ကတော့ If Beale Street Could Talk ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ Regina King ဖြစ်ပါတယ်။

အကောင်းဆုံးနိုင်ငံခြားဘာသာဇာတ်ကားဆုကို Roma မက္ကဆီကန်ရုပ်ရှင်ကားက ဆွတ်ခူးရရှိခဲ့ပါတယ်။

အကောင်းဆုံးကာတွန်းကားအနေနဲ့ Spider-Man: Into the Spider-Verse၊ အကောင်းဆုံးမှတ်တမ်းတင်ရုပ်ရှင်အနေနဲ့ Free Solo ဇာတ်ကားတို့က အသီးသီးဆွတ်ခူးရရှိခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly