မီဒီယာမဏ္ဍိုင်မှ နိုင်ငံကာကွယ်ရေးအတွက် ဘယ်လောက်ထိ ပံ့ပိုးပေးခဲ့သလဲဟု တပ်မတော်မေးခွန်းထုတ်

မီဒီယာမဏ္ဍိုင်မှ နိုင်ငံကာကွယ်ရေးအတွက် ဘယ်လောက်ထိ ပံ့ပိုးပေးခဲ့သလဲဟု တပ်မတော်မေးခွန်းထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ။      ။ မြန်မာနိုင်ငံ၏ သတင်းမီဒီယာမဏ္ဍိုင်အနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေး၊ လုံခြုံရေးများအတွက် မည်မျှ အထောက်အကူပြု၊ ပံ့ပိုးပေးနိုင်ခဲ့သလဲဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက မေးခွန်းထုတ်လိုက်သည်။

“ မြန်မာနိုင်ငံရဲ့ မီဒီယာမဏ္ဍိုင် သတင်းမီဒီယာကောင်စီနဲ့ ဆွေးနွေးပွဲတွေမှာ  Workshop တွေမှာအကြိမ်ကြိမ် ပြောပါတယ်။ ကျွန်တော်တို့ မီဒီယာမဏ္ဍိုင် ဘယ်လောက်ထိ နိုင်ငံတော်ကာကွယ်ရေးအတွက်၊ နိုင်ငံတော်ရဲ့လုံခြုံရေးအတွက် ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါး နှောင့်ယှက်မှုတွေအတွက် မီဒီယာမဏ္ဍိုင်ကနေပြီးတော့ ဘယ်လောက်အထိ အထောက်အကူပေးနိုင် ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲ။ ငြိမ်းချမ်းရေးတွေ ဆောင်ရွက်နိုင်အောင်အတွက် ကျွန်တော်တို့ မီဒီယာက ဘယ်လောက်ထိ ဝင်ရောက်ဆောင်ရွက်ပေးနိုင်ခဲ့သလဲ။ ကျွန်တော် ပြန်သုံးသပ်စေချင်ပါတယ် “ ဟု ၄င်းက ဆိုသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်၏သတင်းစာရှင်းလင်းပွဲတွင် ARSA မှ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၆၉ မျက်နှာပါ စာအုပ်နှင့်ပတ်သက်သည့် မေးခွန်းနှင့်ပတ်သက်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မီဒီယာများသည့် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့်အတွက် ဘင်္ဂါလီများသည် တိုင်းရင်းဖြစ်ကြောင်း ဇောင်းပေးဖော်ပြထားသည့် အဆိုပါစာအုပ်နှင့်ပတ်သက်၍  ပြည်သူများကို သတိပေး၊ ပညာပေးရမည့် တာဝန်ရှိကြောင်းလည်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဆိုသည်။

“ ဒီလောက် သမိုင်းကြောင်းဟာကြီး ထွက်လာတာကို ကျွန်တော်တို့ မီဒီယာများရေးတာကို ကျွန်တော် တစ်ခါမှမတွေ့ပါဘူး။ တစ်ကမ္ဘာလုံးပျံ့နေတာကို ရေးတာမတွေ့ဘူးဆိုတာတော့ ကျွန်တော်လက်ထဲပဲ မရောက်တာလားမသိဘူး “ ဟု ၄င်းက ပြောသည်။

အဆိုပါစာအုပ်မျိုးမှာ နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အခြားသောအဖွဲ့အစည်းများမှ ၀ါဒဖြန့်ချိရေးလုပ်သည့် စာအုပ်မျိုးသာဖြစ်ကြောင်း သတင်းစာဆရာတစ်ဦးဖြစ်သည့် ဦးမြင့်ကျော်က ပြောသည်။

ဖော်ပြခြင်း၊ မဖော်ပြခြင်းမှာ စာဖတ်ပရိတ်သတ်အပေါ်မူတည်ပြီး ၀ါဒဖြန့်ချိရေးလုပ်ငန်းများကို အားပေးပါကလည်း မီဒီယာကျင့်ဝတ် ဖောက်ဖျက်ရာကျကြောင်း ၄င်းက ဆိုသည်။

“ အဲဒါတွေကြတော့ သူတို့ မီဒီယာရဲ့သဘောသဘာဝကို နားမလည်တာဖြစ်မယ်လို့ ကျွန်တော်တော့ ထင်တယ် “ ဟု ဦးမြင့်ကျော်ကပြောသည်။

ထို့အပြင် နိုင်ငံတော်၏ ကာကွယ်ရေး၊ လုံခြုံရေးများမှာ သတင်းမီဒီယာမှ လုပ်ရမည့်အလုပ် မဟုတ်ဘဲ အဓိကအားဖြင့် အစိုးရမှလုပ်ရမည့်ကိစ္စ ဖြစ်ပြီး မဏ္ဍိုင် ၃ ရပ်ကို စောင့်ကြည့်ကာ အချက်အလက်ပေးရမည့်အလုပ်ဟုလည်း ၄င်းက ဆိုသည်။

“ တကယ့်တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ဆုံးရှုံးတာမီဒီယာကြောင့်လို့ပြောရင်လည်း နိုင်ငံရေးတို့ဘာတို့ နယ်ပယ်ကလူတွေက အပြစ်ပုံချတယ်ပဲ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာမှာ ဘာမှ အာဏာမှမရှိတဲ့ကိစ္စကို “ ဟု ဦးမြင့်ကျော်က ပြောသည်။

ARSA အဖွဲ့မှ ထုတ်ပြန်သည့်စာအုပ်ထဲတွင် ဘင်္ဂါလီ (ရိုဟင်ဂျာမူရင်းဖော်ပြ) များမှာ တိုင်းရင်းသားများဖြစ်ကြောင်းကို သွယ်ဝိုက်ဖော်ပြထားခြင်းဖြစ်ပြီး သမိုင်းဆိုင်ရာအချို့အချက်အလက်များကိုလည်း စာအုပ်ထဲတွင်ထိန်ချန်ထားကြောင်း တပ်မတော်မှပြောဆိုခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နိုင်ရန် တပ်မတော်မှ အပစ်အခတ်ရပ်စဲပေးမှု ၂ လအကြာအခြေအနေနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၃ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရတနာသီရိ ဂေါက်ကလပ်၌ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required