နောင်ချို မြို့နယ်တွင် ကျပ်သိန်း၂ဝဝကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

နောင်ချို မြို့နယ်တွင် ကျပ်သိန်း၂ဝဝကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
 ဓာတ်ပုံ - CCDAC

ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ။         ။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုးမှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် နောင်ချို မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ကျပ်သိန်း ၂ဝဝကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ထိန်းချုပ်ရေးဗဟိုကော်မတီက သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေ ၄နာရီ ၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး (နောင်ချိုလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နောင်ချိုမြို့အဝင်ရှိ မူဆယ်-မန္တလေး သွားပြည်ထောင်စုကားလမ်းမပေါ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့မောင်းနှင်လာသည့် ---- ယာဉ်လိုင်းမှ ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြသည်။

ထိုသို့ရှာဖွေရာတွင် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မြင်းခြံမြို့၊ နယ်မြေ(၄)၊ စွန်းလွန်း ရပ်ကွက်တွင်နေသော ခရီးသည် စိုးမြင့်ဦး ၃၂ နှစ် လွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များ ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၀၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မြန်မာငွေ ၁၂၄၀၀၀ ကျပ် တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required