ဒုက္ခသည်စခန်းမှာ ဂျာမန်သတင်းထောက်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ၁၁ ဦးကို ဖမ်းဆီး

By Newage
23 February 2019
ဒုက္ခသည်စခန်းမှာ ဂျာမန်သတင်းထောက်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ၁၁ ဦးကို ဖမ်းဆီး

ဖေဖော်ဝါရီ ၂၃ ။            ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဘင်္ဂါလီဒုက္ခသည် စခန်းကို သတင်းရုပ်သံ လာရောက်ရိုက်ကူးတဲ့ ဂျာမန်သတင်းထောက် ၃ ဦးအပါအဝင် လူ ၆ ဦးကို ကြာသပတေး နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘင်္ဂါလီ ၁၁ ဦးကို ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

အူခီးယားအရပ် ကူတူပါနောင်က လမ်ဘာရှီယာဒုက္ခသည်စခန်းကို သတင်းလာရောက် ရိုက်ကူးတဲ့ ARD ဂျာမနီသတင်းရုပ်သံဌာနက သတင်းထောက်တွေနဲ့ ကင်မရာမင်း ၃ ဦးနဲ့အတူ အကျိုးဆောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးတို့ကို ဝိုင်းဝန်းရိုက်နှက်ကြတာဖြစ်ပြီး ၎င်းတို့မှာ ထိခိုက်ဒဏ်ရာတွေ ရခဲ့တာကြောင့် အနီးက ဆေးရုံမှာ တင်ထားကုသပေးနေရပါတယ်။

၎င်းတို့အပြင် ရဲတစ်ဦးနဲ့ ၎င်းတို့ရဲ့ ကားဒရိုင်ဘာတို့ပါ ဒီတိုက်ခိုက်မှုအတွင်းမှာ ဒဏ်ရာရကြကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ဆေးဖော်ထုတ်ချိန်အတွင်း ဘင်္ဂါလီ ၁၁ ဦးကို ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးထားကြောင်း အူခီယားရဲဌာနက ပြောပါတယ်။

“၁၁ ဦးစလုံးကို သောကြာနေ့မှာ တရားရုံးကို ပို့ထားပြီ။”လို့ ရဲတာဝန်ရှိသူတစ်ဦးက အတည်ပြုဆိုပါတယ်။

၀ိုင်းဝန်းတိုက်ခိုက်ကြလို့ ဒဏ်ရာရသွားကြသူဟာ ၆ ဦးဖြစ်ပြီး ၎င်းတို့ထဲမှာ သတင်းထောက် ၄ ဦး ပါဝင်တယ်လို့ ကော့ဘဇားရဲမှူး မာဆက်ဟူစိန်က ပြောပါတယ်။

အဲဒီဂျာနယ်လစ်တွေဟာ ဂျာမနီရုပ်သံအတွက် မှတ်တမ်းရုပ်ရှင် လာရောက်ရိုက်ကူးနေတာဖြစ်ပြီး ဘင်္ဂါလီတွေ ရဲ့ ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံရတာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

လုံခြုံရေးနဲ့ တာဝန်ရှိသူတွေက ဝင်ရောက်ထိန်းသိမ်းကယ်ဆယ်လိုက်တာဖြစ်ကာ အနီးက ဆေးရုံကို တင်ပို့ပေးခဲ့ချိန်မှာပဲ ဘင်္ဂါလီလူအုပ်စုဟာ ၎င်းတို့ရဲ့ ကားနဲ့ ကင်မရာတွေကို ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

ကြာသပတေးနေ့ နေ့လယ်ပိုင်း ဘင်္ဂါလီဒုက္ခသည်တွေရဲ့ အကျပ်အတည်းအကြောင်း စတိုရီတစ်ပုဒ်ကို  ဂျာမန်သတင်းသမားသုံးဦးက ရိုက်ကူးခဲ့ကြကြောင်း၊ ရိုက်ကူးအပြီးမှာ ကော့ဘဇားကို ပြန်လာပေမယ့် သူတို့ဟာ ရှစ်နှစ်ကနေ ဆယ်နှစ်အရွယ်ရှိ အသက် မပြည့်သေးတဲ့ ကလေးမလေး ၂ ဦးကို အဝတ်အစားသစ်တွေ ဝယ်ပေးဖို့ သူတို့ကားနဲ့ ခေါ်တင်တာဖြစ်ကြောင်း ကူတူပါလောင်အစိုးရမှတ်ပုံတင်ဒုက္ခသည်စခန်း ကြီးကြပ်ရေးမှူး ရက်ဇူးကာရမ်က ပြောပါတယ်။

ဒီလို ခေါ်တင်သွားတဲ့ အချိန်မှာ ကလေးမလေးတစ်ဦးက စတင်ငိုယိုတော့တာဖြစ်ပြီး ဒီအချိန်မှာ ဘင်္ဂါလီလူအုပ်ဟာ လူမှောင်ခိုကူးတယ်ဆိုတဲ့ သံသယနဲ့ ကြားဝင်လာခဲ့တာဖြစ်ကာ နောက်ပိုင်းမှာ ၀ိုင်းဝန်းတိုက်ခိုက်တာအထိ ဖြစ်လာခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဂျာနယ်လစ်တွေနဲ့အတူ ကားဒရိုင်ဘာနဲ့ ရဲတစ်ဦးတို့လည်း ဒဏ်ရာရပြီး လူအုပ်ဟာ ဂျာနယ်လစ်တွေရဲ့ ကားကို ဖျက်ဆီးပစ်လိုက်ကြောင်း မျက်မြင်တွေက ပြောကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly