အရှေ့တောင်အာရှ ကာယဗလ နှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် အပြီးသတ် လူရွေးချယ်

အရှေ့တောင်အာရှ ကာယဗလ နှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် အပြီးသတ် လူရွေးချယ်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ဖေဖော်ဝါရီလ ၂၃ ။            ။ မြန်မာနိုင်ငံက ဒုတိယအကြိမ်အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ ကာယဗလ နှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ အတွက် မြန်မာလက်ရွေးစင် ကာယဗလမောင်မယ် ၄၅ ဦးကို  အပြီးသတ် ရွေးချယ် ကာ စခန်းသွင်းလေ့ကျင့်သွားမည်ဟု  မြန်မာနိုင်ငံကာယဗလနှင့်ကြံ့ခိုင်မှုအဖွဲ့ချုပ်ထံမှသိရသည်။

အဆိုပါ အပြီးသတ် လူရွေးချယ်ခြင်းကို ရန်ကုန်မြို့ ကာယဗလနှင့် ကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် လေ့ကျင့် ခန်းမဆောင်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

"အားလုံးကတော့ပုံမှန်လေ့ကျင့်ထားကြပါတယ်။ပိုကောင်းဖို့အတွက် စခန်းသွင်းလေ့ကျင့်ပေးမှာဖြစ်ပါတယ်။ လာမယ့် မတ်လ ၁ ရက်နေ့မှရန်ကုန်မြို့စည်ပင်အားကစားဝင်းထဲမှာပဲ စခန်းသွင်းပြီးလေ့ကျင့်ပေးမှာပါ။၄၅ ယောက်လုံးကောင်းပါတယ်။ဖြစ်နိုင်ရင် ပြိုင်ပွဲ တစ်ခုချင်းစီမှာ၂ ယောက် လောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ် ထားပါတယ်။ပြိုင်ပွဲ၂၂ ခုရှိတာကြောင့် ၄၅ ယောက်ပေါ့။တစ်ချို့ပြိုင်ပွဲကျတော့ ၃ ယောက် ၄ ယောက်ပေါ့။ အိမ်ရှင်နိုင်ငံလည်းဖြစ်တယ်။ ပြီးတော့ မဖြစ်မနေရွှေတံဆိပ်ရရှိစေချင်တယ်။ ပထမ၊ ဒုတိယ၊ တတိယ အကောင်းဆုံး ကစားသမားတွေကို ရွေးထုတ်ပြီး ပါဝင်ယှဉ်ဖို့စီစဉ်ရခြင်းဖြစ်ပါတယ် " ဟု မြန်မာနိုင်ငံ ကာယ ဗလနှင့်ကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးကျော်သန်း က မဇ္ဇိုမ သတင်းဌာနသို့ ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၉ ခုနှစ်အရှေ့တောင်အာရှ ကာယဗလနှင့်ကြံ့ခိုင်မှုပြိုင်ပွဲ ကို နိုင်ငံ ၆ နိုင်ငံမှကစားသမား ၁၅၀ နီးပါးက ဝင်ယောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ နှင့်ဗီယက်နမ် နိုင်ငံ တို့က အများဆုံးစာရင်းပေးထားကြောင်းသိရသည်။

၂၀၁၉ ခုနှစ်အရှေ့တောင်အာရှ ကာယဗလနှင့်ကြံ့ခိုင်မှုပြိုင်ပွဲကို မေလ ၁၆ရက်နေ့မှ၂၁ ရက်အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမျိုးသားအမျိုးသမီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲများ အပြင် ယင်း အားကစားနှင့်ဆက်နွယ်သည့်အားကစားအမျိုးအစားသစ်များကိုလည်း ထည့်သွင်းကာ အားကစားနည်း ၂၂ မျိုးဖြင့်ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

" ကျွန်တော်တို့မပြိုင်ဖူးတဲ့ Fitness Physique ပြိုင်ပွဲ(ကာယကြံ့ခိုင်မှုပြိုင်ပွဲ)၊ Athletic Physique (အားကစားသမားဆန်တဲ့ ခန္တာကိုယ်အချိုးအစားပြိုင်ပွဲ )၊ Model Physique ပြိုင်ပွဲ တို့ကို ဝင်ရောက် ယှဉ်ဖူးခြင်း မရှိသေးပါဘူး။အဲပြိုင်ပွဲတွေကိုတော့ ကာယဗလအဖွဲ့လောက်တော့ မကြိုးစားထားပေမယ့် ထိုက်သင့်တဲ့ ဆုတွေတော့ ရမယ်လို့မျှော်လင့်ထားပါတယ် " ဟု ဦးကျော်သန်း က ဆက်ပြောသည်။

အရှေတောင်အာရှ တံခွန်စိုက်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ၂ရကြိမ်မြောက်sea game ပြိုင်ပွဲ မတိုင်မီက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တစ်ကြိမ်ကျင်းပခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly