ဂိုးပေါက်ပျောက်နေတဲ့ ဆွာရက်ဇ်ဘက်က ကာကွယ်ရပ်တည်ပေးတဲ့ နည်းပြ ဗယ်ဗာဒီ

ဂိုးပေါက်ပျောက်နေတဲ့ ဆွာရက်ဇ်ဘက်က ကာကွယ်ရပ်တည်ပေးတဲ့ နည်းပြ ဗယ်ဗာဒီ
Photo: EPA

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီဟာ ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်ကစားသမား ဆွာရက်ဇ်ဘက်ကနေ ခုခံကာကွယ်ပြောဆိုသွားပါတယ်။

လာလီဂါအမှတ်ပေးဇယားဦးနေသူ ဘာစီလိုနာအသင်းဟာ လိုင်ယွန်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမကျော့ပွဲစဉ်အပါအဝင် သူတို့ရဲ့ နောက်ဆုံး ၄ ပွဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ဆီဗီလာနဲ့ လိဂ်ပွဲမှာ ၁ ဂိုးသွင်းယူခဲ့အပြီး ပွဲပေါင်း ၂၃၁ ပွဲမှာ ၁၆၈ ဂိုးနဲ့ ဘာစီလိုနာရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံး ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

“ကျနော်တို့ဟာ ဒီကလပ်အသင်းရဲ့ သမိုင်းမှာ ဂိုးအများဆုံးသွင်းတဲ့ ထိပ်ဆုံး ၅ နေရာက ကစားသမားအကြောင်းကို ပြောနေတာပါ။ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲရဲ့ အချက်အလက်တွေကို ကျနော်တို့ ကြည့်မယ်ဆိုရင် သူဟာ (ဆွာရက်ဇ်) ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရှင်းရှင်းလင်းလင်း ရရှိခဲ့ပါတယ်။

“လူးဝစ်မှာ အခွင့်အရေးတွေရှိမယ်ဆိုရင် သူဟာ ဂိုးသွင်းယူဖို့ဆိုတာ ဒါက ပုံမှန်အနေအထားပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဘာလုပ်တွေ လုပ်ပြခဲ့ပြီးသလဲဆိုတာကြောင့်ပါ။

“ကလပ်အသင်းမှာ သူ့ရဲ့ သမိုင်းကြောင်းကို သိနေပြီဆိုတော့ တစ်ခုတည်းသောအရာက သူ့ကို ကျနော်တို့ သည်းခံပေးဖို့ပဲဖြစ်ပါတယ်။ ကျနော်နဲ့ ဘယ်သူမဆို သည်းခံမှုရှိပါတယ်။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ဖြစ်လို့ပါ။ ပြီးတော့ ကျနော်တို့ သူ့အပေါ် အများကြီး ယုံကြည်ပါတယ်။”လို့ နည်းပြ ဗယ်ဗာဒီက ပြောပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ အောက်တိုဘာလက ရီးယဲလ်မက်ဒရစ်ဘက်ကို သွင်းတဲ့ ဟက်ထရစ်သွင်းဂိုးတွေအပါအဝင် ဒီရာသီမှာ ၁၆ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ လက ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ ပြိုင်ပွဲစုံမှာ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲထိ သရေကျထားပေမယ့်လည်း အမှတ်ပေးဇယားမှာတော့ ထိပ်ဆုံးကနေ ဦးဆောင်ပြီး ၇ မှတ်အထိ ဖြတ်ထားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly