ပြည်သူလူထု မထောက်ခံပါက လက်ရှိနေရာမှ ဖယ်ပေးရန် NLD နာယက တိုက်တွန်း

ပြည်သူလူထု မထောက်ခံပါက လက်ရှိနေရာမှ ဖယ်ပေးရန် NLD နာယက တိုက်တွန်း

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ။            ။ ပြည်သူလူထုမှ သဘောမကျ၊ မထောက်ခံတော့လျှင် လက်ရှိနေရာမှ ဖယ်ရှားပေးရန် ရာထူးနေရာများ ရယူထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များသို့ NLD နာယကအဖွဲ့ဝင် နိုင်သောင်းညွန့်က ပြောဆိုခဲ့သည်။

“မိမိကို ပြည်သူလူထုက မထောက်ခံတော့ဘူး။ သဘော မကျတော့ဘူး။ ပါတီဝင်ထုကလည်း မိမိအပေါ် လေးစားမှု မရှိတော့ဘူး။ ယုံကြည်မှုမရှိတော့ဘူးဆိုရင်၊ မိမိရဲ့ ပေါ့လျော့မှု၊ တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်တဲ့အနေနဲ့ ၊သတ္တိရှိရှိနဲ့ မိမိနေရာကို တခြားသင့်တော်တဲ့သူ၊ တိုင်းရင်းသားပြည်သူလူထုကြီးကို ပိုမို အလုပ်အကျွေးပြုနိုင်တဲ့သူကို နေရာဖယ်ပေး၊ တာဝန်လွှဲပေးဖို့ပဲ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်သည့် ဒုတိယဗဟိုကော်မတီ အစည်းအဝေး ပထမနေ့ သဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

အစည်းအဝေးကို ဒုတိယဗဟို ကော်မတီဝင်စုစုပေါင်း (၁၄၃)ဦး ရှိသည့်အနက်မှ ဗဟိုကော်မတီဝင်(၁၃၀) ဦး တက်ရောက်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်အချို့လည်း လေ့လာသူအနေဖြင့် တက်ရောက်လာသည်ကို တွေ့မြင်ခဲ့ရသည်။

အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီအသီးသီးတို့က အစီရင်ခံစာများ ဖတ်ကြား တင်သွင်းခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဗဟိုကော်မတီဝင်များက စာတမ်းများ ဖတ်ကြားတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။

NLD အနေဖြင့် ပြည်သူလူထုအတွက် အခွင့်အလမ်းကောင်းများ၏ အစကိုသာ လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေနပ်အားရသည်အထိ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသည်ကို လက်ခံထားရမည်ဖြစ်သည်ဟုလည်း နိုင်သောင်းညွန့် ပြောဆိုခဲ့သည့် သဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ပေါင်းစား၊ ပေါင်းဖားတဲ့ စည်းလုံးညီညွတ်ရေးမျိုးကို ပြောတာ မဟုတ်ပါဘူး။ တိုင်းရင်းသားပြည်သူလူထုအကျိုးကို သစ္စာစောင့်သိတဲ့ လူတွေအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြပြီး ပြည်သူကို လျစ်လျူရှုတဲ့ လူတိုင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့လုပ်ရပ်မျိုးကို လုပ်ရပါမယ်” ဟု နိုင်သောင်းညွန့်က ဆိုသည်။

လက်ရှိတွင် NLD ပါတီဝင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်နှင့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုးလ်တို့၏ လုပ်ဆောင်ချက် များနှင့်ပတ်သက်ပြီး ဒေသခံပြည်သူလူထုက ကျေနပ်အားရမှုမရှိပေ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း၌ ဒေသခံပြည်သူများမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် နုတ်ထွက်ပေးရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။

ယင်းအပြင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများမှ  ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးလ် နုတ်ထွက်ပေးရန် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly