သစ်ခုတ်သမားတွေ ပန်းပုထုဆစ်ရတော့ မှာလား

သစ်ခုတ်သမားတွေ ပန်းပုထုဆစ်ရတော့ မှာလား

သစ်ခုတ်သမားက သစ်ခုတ် ၊ ပန်းပုထုတဲ့ သူကပန်းပုထု . . တဲ့ ။ ဒီစကားကို ပမာထားပြီး ကျွန်တော်တို့ နိုင်ငံရေးလောကကို ခိုင်းနှိုင်းတာ လုံးဝဥဿုံ မမှန်ဘူးဆိုတာကတော့ ယနေ့မြန်မာ့နိုင်ငံရေးမြင်ကွင်းက အထင်းသား မြင်နေရပြီပဲဖြစ်ပါတယ်။ တကယ်တန်းတော့ သစ်ခုတ်သမားတွေကိုယ်တိုင် ပန်းပုဆရာတွေ ဖြစ်နေတာကျတော့ရော ထည့်မပြောကြတော့ဘူးလား။ မြန်မာနိုင်ငံရဲ့ တစ်ချို့ ခနော်ခနဲ့ စကားလုံးတစ်ချို့ကြောင့် နိိုင်ငံရေးနယ်ပယ်မှာ လူတော်တွေ၊ လူကောင်းတွေနဲ့ ကျွမ်းကျင်သူတွေ ဘေးရောက်သွားကြတယ်ဆိုရင် သင် ငြင်းနိုင်ပါ့မလား။

ဒီနေ့တော့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီအစည်းအဝေးကို တစ်နိုင်ငံလုံးရှိ ပါတီဗဟိုကော်မတီဝင် တစ်ရာကျော်တို့ဟာ မနက်ဖြန် ၂၄ - ၂ - ၂၀၁၉ နေ့အထိ တွေ့ဆုံစည်းဝေးကြတော့မှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ သေချာတာကတော့ လာမယ့် ၂၀၂၀ ကို ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတဲ့ အကြံပြုချက်တွေကိုတော့ အထက်ကဖော်ပြခဲ့သလို သစ်ခုတ်သမားလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားလည်းဖြစ်၊ ပန်းပုထုဆစ်နေသူလည်းဖြစ်တဲ့ ပါတီဝင်အချို့ကတော့ ပြတ်ပြတ်သားသား ပြောကြလိ်မ့်မယ်လို့ ယုံကြည်ရပါတယ်။ နိုင်ငံရေးဆိုတာ ကိုယ်တိုင်ဖြတ်သန်းဖူးမှ နိုင်ငံရေးရဲ့ သဘောတရား အတိမ်အနက်ကို သိမှာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာတော့ ကိုယ်နဲ့ပူးတွဲလုပ်ကိုင်နေရတဲ့သူတွေက တစ်ချိန်က ဆန့်ကျင်ဖက် အဖွဲ့စည်းတွေဖြစ်လို့ ပိုလို့တောင် ကိုယ်တွေ့ဖြတ်သန်းမှုတွေက အလွန် အရေးကြီးကြောင်း နားလည်ရမှာဖြစ်ပါတယ်။  

ဟုတ်ပါပြီ။ ပြီးခဲ့တာတွေကို သင်ခန်းစာယူရင်း ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲရေးတွေကို မလုပ်မဖြစ် လုပ်ကိုလုပ်ရတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဖြစ်ခဲ့တဲ့ ကိစ္စတွေလည်း သိနေကြလို့ မပြောတော့ပါဘူး။ ဖြစ်နေတဲ့ကိစ္စတွေကိုလည်း သိနေကြလို့ မပြောချင်တော့ပါဘူး။ ၂၀၂၀ အတွက်ပဲ ဆွေးနွေးမှာဖြစ်ပါတယ်။ ၂၀၂၀ ဟာ အထိခိုက်လွယ် အပွန်းရှလွယ် အက်ကွဲလွယ်တဲ့ မြန်မာ့ဒီမိုကရေစီရေးရဲ့ ဒုတိယအချိုးအကွေ့ကိုရောက်နေတာကို သတိပြုရမှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ မှာတော့ အဖွဲ့ချုပ်ဆိုင်းဘုတ်နဲ့ အလံကိုကြည့်ပြီး၊ တံဆိိပ်ကိုကြည့်ပြီး မဲပေးပါလို့ ပြောမယ်ဆိုရင်တော့ ဟာသတစ်ခုပဲဖြစ်မယ်ဆိုတာလည်း အဖွဲ့ချုပ်ခေါင်းဆောင်တွေ သိနေကြပြီပြဲဖစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မညှာစတမ်း ဝေဖန်အလုပ် လုပ်ကြပါမှ အဖွဲ့ချုပ်ကို ကယ်တင်နိုင်မှာ ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။

နိုင်ငံရေးလုပ်တဲ့သူတိုင်းဟာ အခြေခံရိုးသားရမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ကတော့ မြန်မာ့နိုင်ငံရေးမှာ သမိုင်းကြောင်းရှိသူ တစ်စိုက်မတ်မတ်လုပ်နေသူ ဖြစ်ရပါမယ်။ နိုင်ငံရေးကို နားလည်တတ်ကျွမ်းပြီး စကားပြောလိမ္မာပါးနပ်သူ ဖြစ်ရပါမယ်။ ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို လက်ပွန်းတတီး သိရှိပြီး ဒီမိုကရေစီရေးကို ယုံကြည်သက်ဝင်သူ ဖြစ်ရပါမယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသလို အတန်းပညာထက် အသိပညာဗဟုသုတကြွယ်ဝသူ ဖြစ်ရပါမယ်၊ နိုင်ငံရေးဝမ်းစာရှိသူတွေ ဖြစ်ရပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သစ္စာစောင့်သိသူ ဖြစ်ရပါမယ်။ နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံရေးဘောဂဗေဒတွေကို ဘယ်လောက်ပဲ အာဂုံဆောင်နိုင် ဆောင်နိုင် လက်တွေ့မရှိတဲ့ နိုင်ငံရေးနဲ့တော့ မြန်မာ့နိုင်ငံရေးကို ဝင်ရောက်လုပ်ဖို့ဆိုတာကတော့ ၂၀၂၀ မှာ ဝေလာဝေးပဲ ဖြစ်တယ်ဆိုတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ လူကြီး လူငယ် အမျိုးသား အမျိုးသမီးကိစ္စကိုတော့ လက်ရှိမြန်မာ့ နိုင်ငံရေးမှာ အခရာမကျဘူးလို့ပဲ ပြောပါရစေ။ အထက်က ဆိုခဲ့တဲ့ အရည်အချင်းများ ပြည့်စုံရင် အငြင်းပွားစရာ မရှိလို့ပဲ ပြည်သူတွေက နားလည်ကြပါတယ်။ လူသားတွေဟာ အတွေ့အကြုံတွေကြောင့်သော်လည်းကောင်း ၊ ခေတ်စနစ်ရဲ့ ပြောင်းလဲလာမှုတွေကြောင့်သော်လည်းကောင်း တမဟုတ်ခြင်းသိလာမှု၊ တစ်ဖြေးဖြေးခြင်း သိလာမှုတွေ ရှိလာကြပြီ ဖြစ်တယ်ဆိုတာလည်း သတိပြုရမှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ကျွန်တော်တို့ဟာ ၂၀၂၀ အချိုးအကွေ့ကို ကောင်းကောင်း ဖြတ်သန်းနိုင်ဖို့ မဖြစ်မနေလိုအပ်လာပြီ ဖြစ်ကြောင်းနဲ့ ပြင်သင့်တာ ပြင်ဆင်ဖို့ကို အကျဉ်းချုံး အကြံပြု တင်ပြလိုက်ရပါတော့တယ်။    ။

သန့်ဇော်( သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly