တနင်္သာရီဂျာနယ်အမှု တရားရုံးအဆင့်ဆင့် အယူခံဝင်မည်

တနင်္သာရီဂျာနယ်အမှု တရားရုံးအဆင့်ဆင့် အယူခံဝင်မည်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ ။              ။ တနင်္သာရီတိုင်းအစိုးရက တနင်္သာရီဂျာနယ်ကို တရားစွဲဆိုထားသည့် အမှုကို ဖေဖော်ဝါရီ ၁၈နေ့တွင် အပြစ် ရှိကြောင်း အမိန့်ချမှတ်ခဲ့ပြီး အဆိုပါအမိန့်အပေါ် ဆက်လက် အယူခံဝင်သွားမည်ဖြစ်ကြောင်း တနင်္သာရီ ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင် ကပြောသည်။

"အယူခံဝင်မှာက ကျွန်တော်တို့ ရုံးတော်အဆင့်ဆင့်ကို အယူခံဝင်ဖို့ စဉ်းစားတာပါ။တရားရုံးတစ်ခုခု ကနေပြီး တော့ ကျွန်တော်တို့မီဒီယာရဲ့ ရေးသားခွင့် နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားလိမ့်မယ်၊ မီဒီယာရဲ့ သဘောသဘာဝနဲ့လက်ရှိ နိုင်ငံရေး အခြေနေ အခင်းကျင်းတွေကို သေသေချာချာ ထည့်သွင်းဆုံးဖြတ်မယ်လို့ မျှော်လင့်လို့ ဒီလို အယူခံဝင်ဖို့ ဆုံးဖြတ်တာပါ။" ဟု ဦးမျိုးအောင်က ဆိုသည်။

 မဲဆွယ်အပြုံး သရော်စာဖော်ပြခဲ့မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ တရားစွဲဆိုထားသည့် တနင်္သာရီ ဂျာနယ်အမှုအတွက် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) အရ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ပြီး တနင်္သာရီ ဂျာနယ်ကို ထားဝယ်တရားရုံးမှ ဒဏ်ငွေအနေဖြင့် ၅သိန်းပေးဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 " ဒီအမှုကတနင်္သာရီဂျာနယ်အနေနဲ့ ကြုံနေရတယ်ဆိုပေမယ့် ဒီအမှုက မီဒီယာလောကတစ်ခုလုံး အတွက် သက်ရောက်တာဖြစ်တယ်။ကျွန်တော်အနေနဲ့ ဥပဒေအရ ပေးထားသမျှ အခွင့်ရေးတွေအကုန်အသုံးချပြီး ကြိုးစားကြည့်မယ်" ဟု ဦးမျိုးအောင်က ဆိုသည်။

 တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်များ၏ မိသားစုဝင်များကို ရည်ရွယ်ရေးသားကြောင်း ပေါ်လွင်နေခြင်းနှင့် မီဒီယာဥပဒေအရ ပေးထားသည့် လွတ်လပ်ခွင့်၊တည်ဆဲဥပဒေအရ ပေးထားသော လွတ်လပ်ခွင့်များအပေါ် ဘောင်ကျော်လွန်နေသည့်အတွက် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၅ အမှတ် ၁၇ တွင်ဖော်ပြပါရှိသည့် ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” သရော်စာသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည့်အမှု ဖြစ်သည်။

 တနင်္သာရီဂျာနယ်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းထုတ်ဝေသည့် ဂျာနယ်တစ်စောင်ဖြစ်ပြီး တနင်္သာရီ တိုင်းအတွင်းရှိ  အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းက တရားစွဲဆိုမှုကို ခံထားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly