အပစ်ရပ် NCA လမ်းကြောင်းနှင့် မဆန့်ကျင်ဟု SSPP ဒုဥက္ကဋ္ဌ ပြော

အပစ်ရပ် NCA လမ်းကြောင်းနှင့် မဆန့်ကျင်ဟု SSPP ဒုဥက္ကဋ္ဌ ပြော
ဓာတ္ပံု- NRPC

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ ။        ။ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းနှင့် ဆန့်ကျင်ခြင်း မရှိကြောင်း SSPP ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်းက ပြောသည်။

နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ အချင်းချင်းယုံကြည်မှုများနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင် ရာတွင် ပြည့်စုံမှုမရှိခြင်း၊ အားနည်းချက်များ ရှိခဲ့ခြင်းအတွက် သွေးစည်းညီညွတ်တဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ အားမဖြစ်ခဲ့ဘူးဟု ၄င်းက ပြောသည်။

 “အဲ့ဒီအတွက်လည်း အတိတ်ကသင်ခန်းစာ ယူပြီးတော ့နောင်ကို ထပ်ပြီးတော့ အမှားမပြုဖို့၊ ကျွန်တေ်ာတို့ အနေနဲ့ အဲ့လိုပဲ သဘောပေါက်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဆိုလို့ရှိရင် ကျွန်တေ်ာတို့ ရိုးရိုးသားသား ပွင့်ပွင့် လင်းလင်းနဲ့ မိမိလက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့ရှိရင် မိမိဟာ NCA လမ်းကြောင်းကို ကျွန်တေ်ာတို့ မဆန့်ကျင်ပါဘူး။ မဆန့်ကျင်ပါဘူး”ဟု SSPP ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်က နေပြည်တော်ရှိ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ပြုလုပ်သည့် အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

NCA ထဲတွင် ပါဝင်သည့် အချက်အလက်များကို ပိုမိုပြည့်စုံအောင် လုပ်ရန်လိုပြီး၊ ထိုလမ်းကြောင်းအပေါ်တွင် မပါဝင်ပါက နိုင်ငံရေးဆွေးနွေးပွဲများကို အေးချမ်းစွာဖြင့် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် စဝ်ခွန်ဆိုင်းက ဆက်ပြောသည်။

“နောက်ဆုံးရည်မှန်းချက် မဟုတ်ပါဘူး။ နည်းနာတစ်ခုပေါ့။ NCA ရှိခြင်းအားဖြင့် ဒုံးဒုံးဒိုင်းဒိုင်း၊ အသံတွေ မြည်ပြီး ဆွေးနွေးတာထက်စာရင် ခုနက ဘာမှ အသံမမည်ဘဲ ဆွေးနွေးတာဆိုရင် ပိုပြီးတော့ ယုံကြည်မှုလည်း ရှိတာပေ့ါ။ အဲ့ဒီအတိုင်း NCA က ကောင်းပါတယ်။ အဲ့အတိုင်း သွားကြမှာပါပဲ” ၄င်းက ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မည်ကဲ့သို့ ဆက်သွားမည်ကို နှစ်ဖက် သဘောတူ ချမှတ်နိုင်ခဲ့ပြီး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တောင်းဆိုချက်များကို ပြန်လည်တင်ပြကာ လုပ်ဆောင်ပေးရန်ရှိပြီး ကောင်းမွန်သည့်ရလဒ်များ ရရှိခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“ကျွန်တော်တို့ SSPP နဲ့က နံပါတ်တစ် ပြသနာမရှိဘူး။ နံပါတ်နှစ် တပ်နေရာ ပိုင်းခြားသတ်မှတ်မှုမှာလည်း တိတိကျကျရှိတယ်။ ရှုပ်ထွေးမှု မရှိဘူး။ နံပါတ်သုံး ဒီကြားကာလ(အပစ်အခတ်ရပ်စဲသည့် ကာလ)မှာ နှစ် ဦးနှစ်ဖက် နားလည်မှုရှိရှိနဲ့ပေါ့နော်၊ တချို့ဟာလေးတွေ အောက်ခြေမှာ ဖြစ်ပွားနိုင်တဲ့ ပဋိပက္ခတွေလည်း ရှောင်ရှားနိုင်တဲ့အတွက် ကျွန်တေ်ာတို့က အများကြီး မျှော်လင့်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

ယနေ့ ဆွေးနွေးပွဲသည် တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် တိုင်းစစ်ဌာန ချုပ် နယ်မြေ ငါးခုတွင် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားပြီးနောက် NCA တွင် လက်မှတ် မထိုးထားရသေးသည့် SSPP တို့ ပထမဆုံး တရားဝင်တွေ့ဆုံသည့် ဆွေးနွေးပွဲ ဖြစ်သည်။

“ ၂၂ရက်နေ့ အစည်းအဝေးကတော့ ယုံကြည်မှု တည်ဆောက်ရေးပေ့ါနော်။ နောက် ကျွန်တော်တို့ကတော့ ဒေသဖွံ့ဖြိုးရေး၊ ဒီအစည်းအဝေးက အောင်မြင်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ကျွန်တေ်ာတို့ နိုင်ငံတော်အစိုးရ ၊ တပ်မတော်နဲ့ ကျွန်တော်တို့ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP၊ SSA နဲ့ ယုံကြည်မှု တည်ဆောက်ရေး တစ်ဆင့်တိုးတက်လာတာကို တွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ခုနက ပြောသလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရတဲ့အတွက်မှာ ကျွန်တော်တို့ ကျေနပ်အားရမိပါတယ်”ဟု SSPP ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်းက ပြောသည်။

ဆွေးနွေးပွဲတွင်း NRPC ဘက်မှ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ခဲ့ကြပြီး SSPP ဘက်မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်း ဦးဆောင်ပြီး တက်ရောက်ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲတွင်း နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး SSPP အနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးသွားသွားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly