ဓာတ်ပုံစျေးကွက် မိုဘိုင်းဖုန်း ဝင်ယူခြင်းကြောင့် ဓာတ်ပုံ လုပ်ငန်းရှင်များ ရပ်တည်ရန် ခက်ခဲလာ

ဓာတ်ပုံစျေးကွက် မိုဘိုင်းဖုန်း ဝင်ယူခြင်းကြောင့် ဓာတ်ပုံ လုပ်ငန်းရှင်များ ရပ်တည်ရန် ခက်ခဲလာ

ရန်ကုန်၊ စက်တင်ဘာ ၂ ။        ။ မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် လူဦးရေ တိုးတက်လာကာ မိုဘိုင်းဖုန်း ကင်မရာကို အသုံးပြုပြီး ဓာတ်ပုံ ရိုက်မှတ်တမ်းတင်သူ များပြားလာခြင်းကြောင့် စေတီ၊ ပုထိုးနှင့် ပန်းခြံများတွင် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် အသက်မွေးနေကြသည့် ဓာတ်ပုံဆရာများ ရပ်တည်ရန် ခက်ခဲလာနေသည်ဟု ဓာတ်ပုံလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များက ပြောသည်။

"ဟိုးခေတ်တွေလို ထင်သလောက် မရနိုင်တော့ဘူးလေ အနေအထားကိုက အကုန်ပြောင်းလဲသွားပြီ၊ ဆိုင်ရှေ့မှာ လူတွေ တော်ရုံတန်ရုံ သိပ်မှမရှိတော့တာ။ အရင်တုန်းကတော့ ဒီလိုနေရာမှာ စည်နေတယ်လေ၊ ကွာသွားတာပေါ့ တိုးတက်လာတဲ့ခေတ်နဲ့ ဖုန်းတွေအားလုံး ကိုင်တဲ့ခေတ်ကကျတော့ ဒီဟာတွေက ဓါတ်ပုံလုပ်ငန်းတွေက တဖြည်းဖြည်း ကွယ်ပျောက်သွားတယ်လို့တော့ မဟုတ်ဘူး မှိန်သွားတာပေါ့" ဟု ရန်ကုန်မြို့တွင်း မြတ်ရွှေရည် ဓာတ်ပုံဆိုင် မန်နေဂျာ ဦးအောင်မြင့်က ပြောသည်။

ခေတ်ရေစီးကြောင်း ပြောင်းလဲလာခြင်းနှင့်အတူ မြို့ပြနေသူများ အရည်အသွေး မြင့်မားသည့် လက်ကိုင်ဖုန်းများဖြင့် ဓာတ်ပုံများ ရိုက်ကူးနိုင်ခြင်းကြောင့် ဓာတ်ပုံဆရာများအတွက် ဖေါက်သည်မှာ နယ်ဘုရားဖူးများသာ ဖြစ်လာတော့သည်ဟုလည်း ဓာတ်ပုံ လုပ်ငန်းဖြင့် အသက်မွေးသူ ကိုကိုနိုင်က ဆိုသည်။

"အဆပေါင်းက ငါးဆယ်ရာခိုင်နှုန်းလောက် ပြတ်ကွာသွားတယ်၊ အခုနောက်ပိုင်း ဆိုလို့ရှိရင် ပိုပြီးကွာသွားတယ်၊ ၇၀ ရာခိုင်နှုန်း လောက်ကွာသွားတယ်၊ အရင်ကဆိုရင် သောင်းကိုးထောင်၊ တစ်သောင်းကျော်ကျော် ရတယ်၊ အခုကတော့ လေးငါးခြောက်ထောင်ပဲ မရတဲ့ရက် ပိုများနေတယ်။ နယ်ဘုရားဖူးတွေပဲ ရိုက်ကြတော့တယ်။ များသောအားဖြင့် နယ်ဘုရားဖူး၊အမှတ်တရအဖြစ်ပဲ ရိုက်ကြတော့တယ်" ဟု ပြောသည်။

နည်းပညာ တိုးတက်လာသည့်နည်းတူ နည်းပညာကိုအမီလိုက်သော်လည်း အခြေအနေမကောင်းတော့ဟု ရန်ကုန်မြို့ ဆူးလေ ဘုရားအနီးတွင် နှင်းဆီအမည်ရ ဓာတ်ပုံဆိုင်ဖွင့်ထားသူ ဒေါ်ယဉ်ယဉ်ထွန်းကလည်း ဆိုသည်။ “နည်းပညာနဲ့ အမီလိုက်တာပဲ၊ ကင်မရာဆိုရင်လည်း လိုက်ကိုင်တာပဲ ဒါပေမဲ့ မဖြစ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းတွေ ဘာတွေဆိုလည်း တအားပေါလာတာကိုး၊ လုံးဝကို အခြေအနေမကောင်းတော့တာ” ဟု ပြောသည်။

ဓာတ်ပုံလုပ်ငန်းရှင်တို့၏ ဈေးကွက်အခြေအနေ မကောင်းသော်လည်း ဓာတ်ပုံ ဝါသနာရှင်များကမူ လိုချင်သည့်ပုံရိုက်ကာ ဖုန်းအတွင်း ထည့်ထားရုံဖြင့် အလွယ်တကူ မပျက်စီးနိုင်သည့် အားသာချက်ရှိနေသည်။

"ဟိုတုန်းကကျတော့ ဓါတ်ပုံကိုကျတော့ ဆိုင်ကနေပြီးတော့ ကူးယူရတဲ့အတွက်ကြောင့် မို့လို့ ကိုယ့်တွေမှာ Album တွေနဲ့ ထည့်ရတယ်၊ ပြီးတော့သေချာ သိမ်းထားရတယ်၊ အခုချိန်မှာဆိုရင် ဓါတ်ပုံကိုတယ်လီဖုန်းလေးတွေ ဟန်းဆက်လေးတွေပေါ်လာတော့ အဲ့ဒီဟန်းဆက်တွေနဲ့ရိုက် ရိက်ပြီးရင် ကိုယ်လိုချင်တဲ့ပုံတွေကိုဆိုင်မှာသွားကူးပြီးတော့ Album တွေနဲ့ထည့်ထားတယ်” ဟု ဓာတ်ပုံ စုဆောင်းသူ ဝါသနာရှင် မသန်းသန်းဋ္ဌေးက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required