ပြင်သစ် တိရစ္ဆာန်ရုံမှာ ၁၀ နှစ်အတွင်း ပထမဆုံးအဖြစ် ဂေါ်ရီလာ မျောက်ဝံပေါက်လေး ၁ ကောင် မွေးဖွား

ပြင်သစ် တိရစ္ဆာန်ရုံမှာ ၁၀ နှစ်အတွင်း ပထမဆုံးအဖြစ် ဂေါ်ရီလာ မျောက်ဝံပေါက်လေး ၁ ကောင် မွေးဖွား

ဖေဖော်ဝါရီ ၂၂ ။       ။  ပြင်သစ်နိုင်ငံ Lyon မြို့အနီးက Saint-Martin-la-Plaine တိရစ္ဆာန်ရုံမှာတော့ ပြီးခဲ့တဲ့ လက ဂေါ်ရီလာ မျောက်ဝံပေါက်လေးတစ်ကောင် ရှားရှားပါးပါး မွေးဖွားလာခဲ့တယ်လို့ သိရပါတယ်။

ယခုလို ဂေါ်ရီလာ မျောက်ဝံမျိုးစိတ် သားပေါက်တာကို ယင်းတိရစ္ဆာန်ရုံမှာ နောက်ဆုံးတွေ့ကြုံထားတာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်တဲ့အတွက် ယခုတစ်ကြိမ် သားပေါက်ခြင်းကတော့ ကြုံတောင့်ကြုံခဲ ထူးကဲဖြစ်စဉ်တစ်ခုဖြစ်ကြောင်း တိရိစ္ဆာန်ရုံရဲ့ ညွှန်ကြားရေးမှူး Pierre Thivillion က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် လေးပတ်ခန့်ကမှ  သက်ရှိလောကကမ္ဘာထဲ ဝင်ရောက်လာတဲ့ ယင်း မျောက်ဝံ အကောင်ပေါက်ငယ်လေးကတော့ အမ လေးဖြစ်ပြီး ကျန်းမာရေး ကောင်းတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ညပိုင်းက Gypsy အမည်ရ မျောက်ဝံမကြီးကနေ မွေးဖွားလာတဲ့ ဒီ မျောက်ဝံပေါက်လေးကတော့ အလေးချိန် ၁ ဒသမ ၅ ကီလိုဂရမ် ရှိပြီး လူသား ကလေးငယ်တစ်ယောက်နဲ့တောင် တူနေတယ်လို့ ဆိုပါတယ်။

" ဂေါ်ရီလာ မျိုးစိတ်က ရှားပါးပါတယ်၊ သူ့ အမေကတော့ သူ့ကလေးကို သုံးနှစ်လောက် နို့တိုက်ရပါလိမ့်မယ်၊ နောက်တစ်ခု ဝမ်းသာစရာက ဒီကောင်လေးက အမ လေး ဖြစ်တဲ့အတွက် မျိုးဆက်ပြန့်ပွားရေးအတွက် အဆင်ပိုပြေတာပေါ့" ဆိုပြီး Thivillion က ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required