ရခိုင်မြောက်ပိုင်းတင်းမာမှုများကိုသာ နိုင်ငံတကာမှ အာရုံထားနေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ရခိုင်မြောက်ပိုင်းတင်းမာမှုများကိုသာ နိုင်ငံတကာမှ အာရုံထားနေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ။            ။ နိုင်ငံတကာအသိုင်းအဝိုင်းသည် ရခိုင်ပြည်နယ်၏ အခွင့်အလမ်းအလားအလာကောင်းများထက် ရခိုင် မြောက်ပိုင်း တင်းမာမှုများကိုသာ အမြင်ကျဉ်းစွာ အာရုံထားနေသည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ ရခိုင်ပြည်နယ်အတွင်း များပြားစွာတည်ရှိနေတဲ့ အလားအလာကောင်းများထက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံထားနေခဲ့တာ ကာလရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ကျင်းပနေသည့် “ ရခိုင် ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၁၉ ” မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပဋိပက္ခများ ဖြစ်ပွားနေခဲ့ကာ ၂၀၁၇ ခုနှစ်တွင် ARSA မှ ရဲစခန်းများ ကို တိုက်ခိုက်မှုဖြစ်ပွားခဲ့အပြီး ဘင်္ဂါလီများ သိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရွှေ့ပြောင်းသွားခဲ့သောကြောင့် နိုင်ငံတကာမှ အပြစ်တင်ဖိအားပေးမှုများ ပြုလုပ်လျှက်ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အတိုင်ပင်ခံက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကာ ရခိုင်တွင် တခြား အလားအလာ ကောင်းများ ရှိနေကြောင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

“ ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်များမှ စီးပွားဖြစ် စတင်ထုတ်လုပ်မှုများအား လာမည့်နှစ်များတွင် စတင် နိုင်လိမ့်မည်ဟု မျှော်လင့်မိပါတယ်။ အဆိုပါအရင်းအမြစ်များမှ အချို့အပိုင်းကိုအသုံးချပြီး ရခိုင်ပြည်နယ် အတွက် လျှပ်စစ်မီး ပိုမိုရရှိရေးထောက်ပံ့ပေးမည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးနှင့်ရေထွက်ပစ္စည်းထုတ်ကုန်များ တန်ဖိုးမြင့်ထုတ်လုပ်ပြီး ပြည်ပတင်ပို့သည့်လုပ်ငန်းများ ပေါ်ထွန်းလာရေးတွင်လည်း အထောက်ကူပြုမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ရခိုင်ကမ်းလွန်မှ ထုတ်လုပ်သော ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်သို့ တိုက်ရိုက်တင်ပို့ ရောင်းချထားသည်။

အလားတူ ရခိုင်ပြည်နယ်တွင် ကြီးလေးသည့် စိန်ခေါ်မှုများရှိနေသည်ကို လက်ခံကာ လိုအပ်သော တရားဥပဒေ စိုးမိုးရေး နှင့် ပြည်နယ်ဖွံ့ ဖြိုးရေးအတွက်အဓိကကျသည့် လိုအပ်ချက်များကို အမျိုးသားအဆင့် ဦးစားပေး လုပ်ငန်းများအဖြစ် ဆောင်ရွက်နေကြောင်းလည်း အတိုင်ပင်ခံက ဆိုသည်။

ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသူများလာရောက်စေရန်အတွက်ရည်ရွယ်ကာ ပြည်နယ်အစိုးရမှ ဦးဆောင်ပြီး ငပလီကမ်းခြေတွင် Rakhine Investment Fair 2019 ကို ဖေဖော်ဝါရီ ၂၁ မှ ၂၃ ရက်အထိ ကျင်းပနေခြင်းလည်း ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ရခိုင်ပြည်နယ်တွင်  အိမ်ခြံမြေလုပ်ငန်း၊ အခြေခံအဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးခြင်း လုပ်ငန်း၊ အဝတ်အထည်နှင့် အထည်လိပ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊ သစ်တော လုပ်ငန်း၊ မွေးမြူရေး နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ထားသည်။

ပထမဆုံးသော ရင်းနှီးမြှုပ်နှံမှုပွဲဲကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC နှင့် ဂျပန်အဖွဲ့အစည်းများက ကမကထပြု စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ၁၀ ခု မှ ၁၅ ခု ခန့် ဝင်ရောက်လာနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ရင်နှီးမြှုပ်နှံမှုလာရောက်ရန်အတွက် တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် အာဆီယံဒေသတွင်း နိုင်ငံများကို အဓိကထား ဖိတ်ခေါ်ထားသည်ဟုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly