မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၆.၂ ရာခိုင်နှုန်းအထိ တိုးတက်ရန် ခန့်မှန်းထား

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ၆.၂ ရာခိုင်နှုန်းအထိ တိုးတက်ရန် ခန့်မှန်းထား

ငပလီ၊ ဖေဖော်ဝါရီ ၂၂ ။            ။ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆.၂ ရာခိုင်နှုန်းအထိ တိုးတက်ရန် ခန့်မှန်းထားကြောင်း ရခိုင်ပြည်နယ်တွင်ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှုပြပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို အားသွန်ခွန်စိုက်၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများရဲ့ ရလဒ်အနေဖြင့် သိသာထင်ရှားတဲ့ ဖွ့ံဖြိုးတိုးတက်မှု ရရှိခဲ့ပါတယ်။ တိုးတက်မှုဟုဆိုရာတွင် မြန်မာနိုင်ငံ စီးပွားရေးမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၆.၂ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပြီး ကဏ္ဍအားလုံး တပြေးညီ တိုးတက်ရန်နှင့် စွမ်းအင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများတွင် အများဆုံးတိုးတက်ရန် ခန့်မှန်းထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ရည်ရွယ်ပြုလုပ်သောပွဲတွင် ယင်းသို့ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်ပြီး ရင်းနှီးမြှပ်နှံမှုကဏ္ဍများကို ဖိတ်ခေါ်ထားသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေတွင် ရခိုင်ရင်းနှီးမြှုပ်နှံမှုပြပွဲ (Rakhine Investment Fair 2019 )ကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပနေပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံကျာ်မှ ရင်းနှီမြှုပ်နှံမှုအတွက် လာရောက်လေ့လာနေကြကာ ဂျပန်၊ ကိုးရီးယား၊ ထိုင်း စသောနိုင်ငံများမှ စိတ်ဝင်စားမှုများကြောင်း သိရသည်။

ဂျပန်နိုင်ငံအစိုးရအနေဖြင့် ကျောက်ဖြူစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး အဆိုပါပြပွဲကနေတဆင့် စဉ်းစားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama က ပြောဆိုထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၏ စီးပွားရေးအလားအလာနှင့် ပတ်သက်ပြီး ပြည့်ပြည့်ဝ၀ ထုတ်ဖော်အသုံးမချနိုင်သေးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

 “ ရခိုင်ပြည်နယ်ရဲ့ ရေမြေသဘာဝအခြေခံအခွင့်အလမ်းတွေဟာ ထိထိရောက်ရောက်အသုံးမချနိုင်တဲ့အတွက် ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှုအနေနဲ့ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်တာဖြစ်ပါတယ်။ ဒါကိုသာ တကယ် ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန် အသုံးချပြီး ဆောင်ရွက်မယ်ဆိုခဲ့လို့ရှိရင် ရခိုင်ပြည်နယ်ဟာ အနှေးနဲ့အမြန် အမြန်ဆုံးတိုးတက်လာပြီးတော့ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်လည်း အင်မတန်မှ အကျိုးရှိပြီး နိုင်ငံတကာအတွက်ပါ အကျိုးအမြတ်တွေ ရရှိသွားမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောသည်။

ရခိုင်ပြည်နယ်တွင် အထူးစီးပွားရေးဇုန်များအဖြစ် အနေဖြင့် ကျောက်ဖြူရေနက်စီမံကိန်းနှင့် အိန္ဒိယနှင့် ပူးတွဲဆောင်ရွက်နေသော ကုလားတန်စီမံကိန်းများကို ဆောင်ရွက်နေပြီး ပြည်နယ်တွင်းရှိ ဒေသခံများအတွက် စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့အပြင် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဂွမြို့နယ်နှင့် မာန်အောင်ကျွန်းတွင်ရှိသော မပျက်စီးဘဲ သဘာဝအတိုင်း တည်ရှိနေသော ကမ်းခြေများကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အခြေပြုနေရာများအဖြစ် ပြောင်းလဲသင့်ပြီး ယဉ်ကျေးမှုအမွေအနှစ်များရှိသည့် မြောက်ဦးဒေသကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဒေသတစ်ခုအဖြစ် အမည်စာရင်း သတ်မှတ်ခံရအောင် အစိုးရမှ ဆောင်ရွက်နေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများကြောင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများ ရပ်တန့်နေခြင်း မရှိအောင် ပြည်နယ်အစိုးရမှ ဆောင်ရွက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required