ပုဂံမြို့တွင် Bagan Road Race စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

ပုဂံမြို့တွင် Bagan Road Race စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

မန္တလေး၊ဖေဖော်ဝါရီ ၂၂ ။              ။ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်မှ ဦးစီး၍ Bagan Road Race စက်ဘီးစီးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၂၃)ရက် နှင့် (၂၄)ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါပြိုင်ပွဲကို ကျင်းပရခြင်းမှာ ပြိုင်ဘီးစက်ဘီးစီး အားကစားမျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်၊ စက်ဘီးစီးအားကစားနည်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ စိတ်ဝင်စားမှု ပိုများလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 '' မြန်မာနိုင်ငံမှ တောင်တက်စက်ဘီးစီးပြိုင်ပွဲတွေနဲ့ တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲတွေ ကျင်းပတာ များတယ်။ နိုင်ငံတကာမှက ပြိုင်ဘီး စက်ဘီးပြိုင်ပွဲတွေက နံပါတ်တစ်ပါ၊ ပြိုင်ဘီး စက်ဘီးစီးပြိုင်ပွဲတွေကို အရင်က ကျင်းပတာရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှ ကျင်းပတာ နည်းလာတယ်။ ဒီပြိုင်ဘီး စက်ဘီးစီးပြိုင်ပွဲတွေ ဖြစ်ထွန်းလာအောင် အခုလို စီစဉ်တာပါ '' ဟု မြန်မာနိုင်ငံစက်ဘီးစီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဝင်းထွန်း က ပြောသည်။

 Bagan Road Race ပြိုင်ဘီး စက်ဘီးစီးပြိုင်ပွဲတွင် အသက်(၄၀)အောက်ပြိုင်ပွဲ နှင့် အသက်(၄၀)နှင့် အထက် ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲ နှစ်မျိုး ထည့်သွင်းကျင်ပမည်ဖြစ်ပြီး လာရောက်စာရင်းပေးမှုအပေါ် မူတည်၍ အသက် အလိုက် တန်းများ သတ်မှတ်ထားကြောင်း သိရသည်။

ပြိုင်ပွဲအတွက် ဖေဖော်ဝါရီ(၂၃)ရက်တွင် ကီလိုမီတာ (၁၄၀)ရှိ ပုဂံ-မြင်းခြံ-ပုဂံ အသွားအပြန် စီးနင်းယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဖေဖော်ဝါရီ(၂၄)ရက်တွင် ကီလိုမီတာ (၁၂၀)ရှိ ပုဂံ-ပုပ္ပါး-ကျောက်ပန်းတောင်း-ပုဂံ ကို အသွား အပြန် စီးနင်းယှဉ်ပြိုင်ရမည်ဖြစ်သည်။

 အဆိုပါ ပြိုင်ပွဲတွင် ပထမဆု ကျပ်နှစ်သိန်း၊ ဒုတိယဆု ကျပ်တစ်သိန်းခွဲ၊ တတိယဆု ကျပ်တစ်သိန်း၊ စတုတ္ထဆု ကျပ်ခုနှစ်သောင်းခွဲ၊ ပဥ္ဓမဆု ကျပ်ငါးသောင်း၊ ဆဋ္ဌမဆု မှ ဒဿ မဆုထိ ဆုတစ်ဆုလျှင် ကျပ်လေးသောင်း ချီးမြှင့်မည် ဖြစ်ကြောင်း  (၁၁)ဆု မှ (၂၀)ဆုအထိကို ဆုတစ်ဆုလျှင် ကျပ်သုံးသောင်း ချီးမြှင့်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၇၈)လမ်းပေါ်ရှိ ''အို''စတိုးတွင် လျှောက်လွှာထုတ်ယူပြီး ပြိုင်ပွဲဝင်ကြေး ငါးထောင်ကျပ် ပေးသွင်း၍ စာရင်းပေးနိုင်မည်ဖြစ်သည်။

 ပြိုင်ဘီး စက်ဘီးစီးပြိုင်ပွဲ (Road Race)ကို ၂၀၁၉ခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ပြီး ယခုနှစ် အတွင်း ပြိုင်ဘီး စက်ဘီးပြိုင်ပွဲ (Road Race) (၁၀)ကြိမ် အနည်းဆုံး ကျင်းပမည်ဖြစ်ရာ အပျော်တမ်း စက်ဘီးစီးပြိုင်ပွဲများလည်း ကျင်းပပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly