ရုရှရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ဗင်နီဇွဲလားဆီ ရောက်ရှိလာ

ရုရှရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ဗင်နီဇွဲလားဆီ ရောက်ရှိလာ

ကရာကတ်စ်၊ ဖေဖော်ဝါရီ ၂၂ ။               ။    ရုရှနိုင်ငံက ပေးပို့တဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေအဖြစ် ဆေးဝါးပစ္စည်းသေတ္တာတွေဟာ ဗင်နီဇွဲလားနိုင်ငံ ဗားဂတ်စ်ပြည်နယ်ဆီ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတ မာဒူရိုက ၎င်းအနေနဲ့ ဥရောပသမဂ္ဂ အီးယူက လူသားချင်းစာနာထောက်ထားရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ အကူအညီတွေ ပေးဖို့ ကမ်းလှမ်းထားတာကိုလည်း လက်ခံထားကြောင်း ပြောဆိုလာပါတယ်။

တစ်ချိန်တည်းမှာပဲ ၎င်းကိုယ်ကို ကြားဖြတ်သမ္မတအဖြစ် ကြေညာထားတဲ့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွါဒိုက ကိုလံဘီယာနယ်စပ်မှာ သောင်တင်လျက်ရှိနေတဲ့ အမေရိကန်ရဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းအကူအညီတွေကို နိုင်ငံထဲ သွင်းယူနိုင်ဖို့ အဲဒီနယ်စပ်ဆီ သွားရောက်ဖို့ စီစဉ်နေပါတယ်။

အမေရိကန်ရဲ့ အကူအညီတွေဟာ ကျူးကျော်မှုရဲ့ အစပျိုးပဲ ဖြစ်တယ်ဆိုပြီး စစ်တပ်ကျောထောက်နောက်ခံရှှိနေတဲ့ မာဒူရိုအစိုးရက နိုင်ငံထဲ အဝင်မခံတာကြောင့် နယ်စပ်မှာ သောင်တင်လျက် ရှိနေတာပါ။

စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေသလို ဆေးရုံတိုင််းလိုလိုမှာလည်း ဆေးဝါးပစ္စည်းတွေ ပြတ်လပ််လို့နေပါတယ်။ အမေရိကန်အကူအညီတွေကို လက်မခံခဲ့ရင် ပြည်သူ သုံးသိန်းထက်မနည်း အသက်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဂွါဒိုက ပြောထားပါတယ်။

လွှတ်တော်ဥက္ကဌလည်း ဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ဂွါဒိုကို အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံတော်တော်များများက အသိအမှတ်ပြုထားပြီး သမ္မတ မာဒူရိုကိုတော့ ရုရှနိုင်ငံက ထောက်ခံပေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required