ရေစကြို၊ကံသစ်ကျေးရွာရှိ စည်ပင်အမှိုက်ပုံအနီး အမျိုးသားအလောင်း တွေ့ရှိ

By အောင်ကျော်ဇင်(ရေစကြို)
21 February 2019
ရေစကြို၊ကံသစ်ကျေးရွာရှိ စည်ပင်အမှိုက်ပုံအနီး အမျိုးသားအလောင်း တွေ့ရှိ

ရေစကြို ဖေဖော်ဝါရီ ၂၁ ။              ။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာအနောက်ဘက် ၊ တောယာပြင် ရေစကြိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ စွန့်ပစ်အမှိုက်ပုံအနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အမည်မသိ အမျိုးသား အလောင်း တစ်လောင်း တွေ့ရှိထားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာ တွင် လူသေအလောင်းတစ်လောင်း တွေ့ရှိထားကြောင်း သတင်းရရှိသဖြင့် ရေစကြိုမြို့မရဲစခန်းမှ  သွားရောက် စစ်ဆေးခဲ့သည်။

 စစ်ဆေးရာ အသက် ၃၀ ကျော်ခန့်ဟု ယူဆရသော အမည်မသိအမျိုးသားတစ်ဦး လဲကျသေဆုံးနေပြီး ဝဲဘက်လက်ဖျံတွင် “ ကြည်” ဟု ဆေးမင်ကြောင် ရေးထားပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ နားတု့မှ သွေးများထွက် သေဆုံးနေသည်ကို တွေ့ရှိရသည်။

 ရေစကြိုမြို့နယ် ဖြူစင်လူမှုကူညီရေးအသင်းကားဖြင့် ရေစကြိုမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးခဲ့ပြီးနောက် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 လက်ရှိတွင် သေဆုံးသူကို မည်သူမည်ဝါ သိရှိရန် စုံစမ်းနေပြီး သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၉ ဖြင့် ရေစကြို မြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လျက်ဆောင်ရွက်နေသည် ။

 ယနေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ထန်တောရပ်ကွက်ရှိ လူနေထိုင်ခြင်းမရှိသော ခြံဝင်းတစ်ခု အတွင်း၌ အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့၍ မုံရွာမြို့မရဲစခန်းမှလည်း စစ်ဆေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required